Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ် မီးကျောင်းဈေးရွာတွင် ပေါက်ကွဲမှုဖြစ်ပွား
နော်နိုရင်း
·
September 22, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ မီးကျောင်းဈေးကျေးရွာ အာရဗီကျောင်း နှစ်ထပ်ဆောင်အတွင်း ဒီကနေ့မနက် ၁၀ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် ရဲမှူး သောင်းငွေက ဒီဗွီဘီကိုပြောပါတယ်။ “နယ်ခြားစောင့် တောင်ဘဇာရဲစခန်းအပိုင် မီးကျောင်းဈေးရွာဆိုတာရှိတယ်။ ဘင်္ဂါလီရွာတွေပဲ၊ အဲဒီရွာမှာ ပေါက်ကွဲမှုဖြစ်တယ်ပေါ့။ အဲမှာ ဘယ်လိုဗုံးအမျိုးအစား ဘယ်သူဘယ်လို ဒဏ်ရာရလဲဆိုတာ မသိသေးဘူး။ ၁၀ နာရီထိုးလောက်က ပေါက်တာလို့ကြားတယ်။ သူတို့ပြောတာကတော့ ဗလီရဲ့ဘေးမှာလို့ကြားတယ်။” အဆိုပါမီးကျောင်းဈေးကျေးရွာမှာ လူဦးရေ ၁၇၀၀ ကျော်နေထိုင်ပြီး ဘူးသီးတောင်မြို့နဲ့ ၁၀ မိုင်လောက်ဝေးတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း ဗုံးပေါက်ကွဲကြောင်း ကြားသိရပြီး လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေ အခင်းဖြစ်ပွားတဲ့ အဲဒီနေရာကို သွားတယ်လို့လည်း ပြောပါတယ်။ “ပေါက်တဲ့နေရာက မီးကျောင်းဈေးဆိုတဲ့နေရာ ပေါက်တယ်လို့တော့ ပြောနေတယ်။  သတင်းကြားတာက အဲဒီမှာ ဗလီထဲမှာ ပေါက်တယ်လို့ပဲကြားတယ်။ အဲဒီက ဘင်္ဂါလီရွာတွေပဲ။ ဒီကဆက်သွယ်တာ အဆက်အသွယ်က မလွယ်ဘူး။ အဲဒီမှာ ကျနော်တို့ ဒီ တပ်ရင်းနှစ်ရင်းလောက် လိုက်သွားတယ်လို့တော့ကြားတယ်။” ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက အတည်ပြု သတင်းထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နဲ့ မြောက်ဦးမြို့အကြား ကားလမ်းနံဘေးမှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားတစီးနဲ့ ကုန်ကားတစီး အနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024