Home
မြန်မာသတင်း
အခက်အခဲကြုံနေချိန်တွင် ဂျပန်နိုင်ငံက မြန်မာနှင့်အတူရပ်တည်မည်
DVB
·
September 22, 2017
ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး  နိုင်ငံတကာရဲ့အမြင်မှာ အင်မတန်ပြင်းထန်ပြီး၊ ဂျပန်နိုင်ငံအနေနဲ့  မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံ အဖြစ် မိတ်ဆွေအခက်အခဲဖြစ်ချိန်မှာ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ဆောင်ရွက်မယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနမှ ပါလီမန်ဆိုင်ရာ ဒုဝန်ကြီးကပြောပါတယ်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ စက်တင်ဘာ၂၁ရက်က နေပြည်တော်မှာ တွေ့ဆုံချိန် ပြောကြားလိုက်တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး အရေးပေါ် အကူအညီအတွက် အမေရိကန်ဒေါ်လာ ၁သန်း ကူညီဖို့ရှိနေပြီး တဖက်နိုင်ငံကို ရောက်သွားသူတွေ ပြန်လည် နေရာချထားရေးကူညီဖို့၊ မြန်မာနိုင်ငံအစိုးရရဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်တွေမှာလည်းကူညီဖို့ရှိတယ်လို့ ဒုဝန်ကြီး အိုင်ဝါအိုကပြောပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှ ကူညီဖို့ မူဝါဒအပြောင်းအလဲမရှိတဲ့အကြောင်း မြန်မာအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စ အခက်အခဲတွေ အများကြီးကြားမှ ဖြေရှင်းဆောင်ရွက်နေရတယ်ဆိုတာ သိရှိကြောင်း၊ လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ဒုက္ခသည် ၄သိန်းလောက် ထွက်ပြေးနေရတဲ့ သတင်းတွေအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့ ဆွေးနွေးသွားပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးကတော့ ရခိုင်ပြည်နယ်ကနေ တဖက်နိုင်ငံဘက်ကို မြေပြင်လူဦးရေစာရင်းအရ ၄၄ ရာခိုင်နှုန်းထွက်ပြေးပြီး ၅၆ ရာခိုင်နှုန်းကျန်ရှိကြောင်း စုစုပေါင်း လူဦးရေ ၇ သိန်းရှိတဲ့အနက် ၄၄ ရာခိုင်နှုန်းထွက်ပြေးတာဟာ ၄သိန်းမကျော်နိုင်ကြောင်းနဲ့ ပြန်လည်လက်ခံဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဓာတ်ပုံ -MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024