စည်ပင်နယ်နိမိတ်တွင်း တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမညီလျှင် အရေးယူမည်
အာကာ
·
September 21, 2017
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ဆောက်တဲ့ လုပ်ငန်းတွေ စံချိန်စံညွှန်းနဲ့ မညီတာကို စစ်ဆေးတွေ့ရှိရင် ကန်ထရိုက်တာရော၊ အင်ဂျင်နီယာကိုရော အရေးယူဖို့ကို ဆောင်ရွက်နေတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်က အခုလို ဖြေကြားသွားတာပါ။
လသာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်ရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော လမ်းများတွင် စံချိန်စံညွှန်းမမီဆောင်ရွက်ခဲ့သော လမ်းများနှင့် စပ်လျဉ်းပြီး စစ်ဆေးအရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းမှုကို ဖြေကြားသွားတာဖြစ်ပါတယ်။
မြို့တော်ဝန်က “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားတဲ့ ပုံစံအတိုင်း လမ်းတွေ အဆောက်အဦတွေကို စံချိန်စံညွှန်းနဲ့မညီ ဆောက်လုပ်ထားတာကို တွေ့ရှိရင် ဆောင်ရွက်ဆဲလုပ်ငန်းကို တားမြစ်ပြီး ပြန်လည် ပြင်ဆင်တာ၊ ဖျက်သိမ်းဖို့ လိုအပ်ရင်လည်း ဖျက်သိမ်းဖို့၊ အရေးယူဆောင်ရွက်ဖို့ လိုအပ်ရင်လည်း ကန်ထရိုက်တာရော၊ အင်ဂျင်နီယာကိုရော အရေးယူဖို့ကို ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် YCDC လုပ်တဲ့လမ်းတွေ အဆောက်အအုံတွေအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က စပြီး Third Party ထားပါတယ်။ Third Party ကနေ အရည်အသွေး စစ်ဆေးဖို့ပါ။ နောက်ပိုင်းမှာ ဒါတွေဟာ အရည်အသွေးကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”လို့ ဖြေကြားပါတယ်။