မက္ကဆီကိုငလျင် အပျက်အစီးများကြား ပိတ်မိနေသည့် ၆၇ နှစ်အရွယ် အဖိုးအိုကို ကယ်တင်

ဓာတ်ပုံ - ရိုက်တာ
3K
မက္ကဆီကိုမြေငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အပျက်အစီးတွေထဲ ပိတ်မိနေတဲ့ အဖိုးအိုတဦးကို ကယ်ဆယ်ရေးလုပ်သားတွေက စက်တင်ဘာ ၂၀ ရက်မှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိ ဟိုဆေး လူးဝစ် ပွန်စယ်ဆိုသူ အဖိုးအိုဟာ မက္ကဆီကိုစီးတီးမြို့ ဆင်ခြေဖုံးရပ်ကွက်တခုက အထပ် ၉ ထပ်ရှိ အဆောက်အဦတခုမှာ နေထိုင်တာဖြစ်ပါတယ်။
ငလျင်လှုပ်ချိန်မှာ အဲဒီအဆောက်အဦ တခုလုံး ပြိုကျခဲ့ပြီး ဒုတိယထပ်ရှိ သူ့ရဲ့နေအိမ်ထဲမှာ တရက်ကြာ ပိတ်မိနေခဲ့တာပါ။
ဒါပေမယ့် ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ကြိုးစားရှာဖွေမှုကြောင့် နောက်တရက်မှာ အဖိုးအို ပွန်စယ်ကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီး အနီးတဝိုက်မှာ စက်တင်ဘာ ၁၉ ရက်က ပြင်းအား ၇ ဒသမ ၁ မဂ္ဂနီကျုရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၂၄ ဦး သေဆုံးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းမှာတော့ သေဆုံးသူ ၂၄၈ ဦးရှိကြောင်း ဖော်ပြထားပါတယ်။