ဆေးကျောင်းသားဘဝမှ လိင်အင်္ဂါပြောင်းလဲပြီး နာမည်ကြီးကချေသည်ဖြစ်လာသူ

ဓာတ်ပုံ - ဘီဘီစီ
လူစီဖစ်ဇ်ဟာ လက်ရှိမှာတော့ နာမည်ကျော် လိင်ပြောင်းကချေသည်တဦးဖြစ်ပြီး ခုလိုအခြေအနေထိရောက်အောင် အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ရတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ သူဟာ ဆေးကျောင်းသားတဦးဖြစ်ခဲ့ပြီး ဒါကိုချန်ထားခဲ့ကာ ဘဝအသစ်တခုကို စတင်ဖို့ဆိုတာ တော်တော့်ကို ခက်ခဲနေပါလိမ့်မယ်။ သူ့အကြောင်းကို ပုံဖော်ရိုက်ကူးထားခဲ့တဲ့ Lucy:My Transgender Life ဆိုတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားဟာ နယူးရီနေးဆန့် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး သရုပ်ပြနိုင်မှုဆု ရရှိခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်။ ဒီဘဝမတိုင်ခင်ကတော့ သူဟာ လန်ဒန်မြို့မှာ ဆေးကျောင်းသားတယောက် ဖြစ်ခဲ့တာပါ။ အရွယ်ရောက်ချိန် သူ့ရဲ့ခန္ဓာကိုယ် ပြောင်းလဲမှုတွေ ဖြစ်လာချိန်မှာ ဒါကို ပြောင်းလဲသွားဖို့ မတတ်နိုင်ခဲ့ဘဲ သူ့အတွက် မိခင်ဖြစ်သူနဲ့ ဆက်ဆံရေးကြား တကယ့်ကို ခက်ခဲတဲ့ကာလတွေ ဖြစ်တယ်လို့ လူစီက ပြောပြခဲ့ပါတယ်။ “ကျမ လိင်ပြောင်းလဲခွဲစိတ်မှုကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က လုပ်ခဲ့တာပေါ့။ ဒါကို စိတ်ပျက်စရာ ကောင်းလိမ့်မယ်လို့ ကျမ တွေးမထားခဲ့ဘူး။ ဒီရုပ်ရှင်ကားထဲမှာတော့ လိင်ပြောင်းလဲထားတဲ့ သူတယောက်အနေနဲ့ ဂုဏ်ယူရတဲ့ဘဝတခု ပိုင်ဆိုင်ခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားခဲ့တာပါ” လို့ သူက ပြောပါတယ်။ ခုလို ကချေသည် အနုပညာရှင်တဦးအဖြစ် လိင်အင်္ဂါပြောင်းလဲခွဲစိတ်ပြီးနောက် ဖြတ်သန်းနိုင်မှုဟာ လူတွေကို ကူညီဖျော်ဖြေပေးနိုင်ရုံသာမကဘဲ သူ့ရဲ့ ငယ်ဘဝအိပ်မက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ “စီဒီပေါ်မှာ ကျမရဲ့ရုပ်ပုံကို ကျမမြင်ရပြီလေ။ ဒါဟာ ငယ်ငယ်က မက်ခဲ့တဲ့အိပ်မက် တကယ့်ကို ဖြစ်လာခဲ့တာပဲ။” ဒစ္စကိုဂီတနဲ့ ဖျော်ဖြေမှုတွေ ပေါင်းစပ် သရုပ်ပြတင်ဆက်မှုတွေမှာ နာမည်ကြီးနေခဲ့တဲ့ လူစီက စပိန်မှာ သွားရောက်ဖျော်ဖြေခဲ့စဉ် ပထမဆုံး အတွေ့အကြုံကို အခုလိုပြောပါတယ်။ “ကြော်ငြာဘုတ်ပေါ်မှာ ကျမဓာတ်ပုံကို တွေ့လိုက်ရတော့… အိုး တကယ်ပဲ။ ရှင်သိတယ်မလား။ တကယ့်ကို ရူးသွားမတတ်ဘဲ။ ဒါ တကယ်ဖြစ်လာပြီဆိုတဲ့ ခံစားချက်ကို။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up