မိတ္ထီလာတွင် ခိုးမှုတရာခံပြေးကို စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးမိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက် ခရိုင်စာရင်းစစ်ရုံးရှေ့ စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၁ နာရီခွဲမှာ ခိုးမှုနဲ့ အမှုဖွင့်ထားတဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးကို ဖမ်းဆီးရာ စိတ်ကြွဆေးပြားများ တွေ့ရှိရတာကြောင့် မူးယစ်ဆေးဝါးအမှု တခု ထပ်ဖွင့်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇွန်လလောက်က ဆိုင်ကယ်ခိုးမှုနဲ့ အမှုအမှတ် (ပ)၆၂/၂၀၁၇ နဲ့ ခိုးမှုကျူးလွန်သူ ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိပြီး စောပြည့်ဌေးက ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။ သတင်းရတာကြောင့် ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပေါက်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ဆောင် သက်သေထားပြီး ဖမ်းဆီးရှာဖွေရာ စောပြည့်ဌေးရဲ့ ညာဘက် လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အပြာရောင် အအေးစုပ်ပိုက်ပျော့ထဲမှာ ထည့်ထားတဲ့ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၄ ပြားနဲ့ အရိုးအသွား ၉လက်မ ရှိတဲ့ ဦးချွန်ဓား ၁ ချောင်း၊ ငွေစက္ကူရောရာ ၉၀၀၀ ကျပ်တို့ကို တွေ့ရှိတယ်လို့ ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ဒုရဲအုပ်ဝင်းနိုင်က “ခိုးမှုတရားခံပြေး စောပြည့်ဌေးရဲ့ ကနဦး ထွက်ဆိုချက်ကတော့ ဆိုင်ကယ် ကယ်ရီမောင်းတုန်းက စိတ်ကြွဆေးပြားတွေ ဝယ်ယူခဲ့တာလို့ ဆိုတယ်။ ဆက်စပ် ကွင်းဆက် စုံစမ်းနေပါတယ်။ အခု ဖမ်းမိတဲ့ ဆေးပြား ၄ ပြားတန်ဖိုး ၁ သောင်းကျပ် ဖြစ်တယ်”လို့ ပြောပါတယ်။ မိတ္ထီလာ အမှတ် ၂ ရဲစခန်းက စောပြည့်ဌေးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဥပဒေ သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးရောင်းချမှု ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ) တို့နဲ့ အမှုအမှတ် မယ(ပ)၁၆/၂၀၁၇ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up