မိုးကောင်းမြို့နယ်တွင် ကျပ်သိန်း ၂၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
September 20, 2017
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ညောင်ကုန်းကျေးရွာမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ကျပ်သိန်း ၂၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်က ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့် ဦးဆောင်ပြီး မှုးယစ်တပ်ဖွဲ့စု (၃) မိုးကောင်းမှ ဒုရဲအုပ်အောင်ပိုင်၊ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး မြင့်ကိုကို၊ ရဲတပ်ကြပ် ရွှေရွှေဟန်တို့ဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါး သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ရှာဖွေခွင့် ဝရမ်းနဲ့ ညောင်ကုန်းရွာနေ ဦးယော်ဆောင်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ နေအိမ်ခြံဝင်းထဲမှာ ဝှက်ထားတဲ့ ဘိန်းဆီ ၄၉၇ ဂရမ်၊ ဘိန်းဖြူ ၈၈ ဂရမ်၊ 88 နဲ့ 1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂၅ ပြား စုစုပေါင်း မူးယစ်ဆေးဝါး ကာလတန်ဖိုး ၁၉၆၅၆၀၀၀ ကျပ်နဲ့အတူ မူးယစ်ဆေးဝါးရောင်းရငွေ ၂၉ သိန်းကို သက်သေတွေရှေ့မှာ သိမ်းဆည်းရမိခဲ့တယ်လို့ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမြင့်အောင်က ပြောပါတယ်။
မိုးကောင်းမြို့ ညောင်ကုန်းကျေးရွာနေ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ ယော်ဆောင်း (၄၅-နှစ်)ကို မိုးကောင်းမြို့မရဲစခန်းက မယ(ပ) ၆၃/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)