နစ်ဆန်းက လျှပ်စစ်ကားမော်ဒယ်အသစ် စတင်ထုတ်လုပ်ရောင်းချသည့် အထိမ်းအမှတ်ပွဲ ဆင်နွှဲ

ဓာတ်ပုံ - ရိုက်တာ
နစ်ဆန်းကုမ္ပဏီက Leaf လို့ခေါ်တဲ့ လျှပ်စစ်ကား မော်ဒယ်အသစ် စတင်ထုတ်လုပ်ရောင်းချတဲ့ အထိမ်းအမှတ်ပွဲကို ဂျပန်နိုင်ငံ ယိုကိုဆူကာက အော့ပါမာ ကားစက်ရုံမှာ ဆင်နွှဲခဲ့ကြပါတယ်။ အရင်ကထုတ်လုပ်ရောင်းချခဲ့တဲ့ Leaf မော်ဒယ်အဟောင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ဒီဇိုင်းအသစ်နဲ့ Leaf မော်ဒယ်အသစ်ကို ထပ်မံထုတ်လုပ်လိုက်တာဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီပွဲဟာ နစ်ဆန်းကုမ္ပဏီ စတင်တည်ထောင်ခဲ့တဲ့ ၁၉၃၃ ခုနှစ်ကစလို့ ကားအစီးရေပေါင်း သန်း ၁၅၀ ရောင်းချပြီးတဲ့ အထိမ်းအမှတ်လည်း ဖြစ်တယ်လို့ သိရပါတယ်။ နစ်ဆန်းကုမ္ပဏီ စတင်တည်ထောင်ခဲ့တဲ့ ၁၉၃၃ ခုနှစ်ကနေ စတင်ပြီး ရောင်းချခဲ့တဲ့ ကားအစီးရေဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ သန်းပေါင်း ၁၅၀ ပြည့်ခဲ့ပါတယ်လို့ နစ်ဆန်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သူက ဆက်ပြီး "အခု Leaf မော်ဒယ်အသစ်က သမိုင်းသစ်ကို တွင်စေမှာပါ။ ဈေးကွက်မှာရော နည်းပညာသစ်မှာပါ ဦးဆောင်နိုင်တဲ့မော်ဒယ် ဖြစ်လာပါလိမ့်မယ်။ အခုအခမ်းအနားဟာ ရောင်းရတဲ့ ကားအစီးရေ သန်း ၁၅၀ ပြည့် သမိုင်းမှတ်တိုင်ထူနိုင်ခဲ့တဲ့ အတွက်လည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။ အခုအသစ်ထုတ်လုပ်လိုက်တဲ့ Leaf မော်ဒယ်ဟာ နစ်ဆန်းရဲ့သမိုင်းသစ်ကို ဖန်တီးပုံဖော်နိုင်လိမ့်မယ်လို့ နစ်ဆန်းအုပ်ချုပ်ရေးမှူးက အော့ပါမာကားစက်ရုံမှာ ပြောခဲ့ပြီး ဝန်ထမ်းတွေကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ အခုပြန်လည်ပြုပြင်ထုတ်လုပ်လိုက်တဲ့ မော်ဒယ်အသစ်ဟာ အရင်မော်ဒယ်ထက် ပိုရှည်တဲ့ ကိုယ်ထည်ရှိပြီး Tesla ရဲ့ Model 3 ကားနဲ့ ယှဉ်ပြိုင်နိုင်တဲ့ပုံစံမျိုး ရှိပါတယ်။ အခုမော်ဒယ်အသစ် Leaf ကို ဂျပန်နိုင်ငံအတွင်း အောက်တိုဘာ ၃ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ၂၀၁၈ မှာ ကမ္ဘာအနှံ့ ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။

More News
Up