Home
မြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဥပဒေမဲ့အကြမ်းဖက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ရှုတ်ချ
DVB
·
September 19, 2017
  လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးနဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုတွေကိုရှုတ်ချပြီး မတရားမှု ကျူးလွန်တဲ့ တာဝန်ရှိသူတွေဟာ တရားဥပဒေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၉ ရက်မနက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ (MICC2) မှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းကို ပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က “လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးနဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုတွေကိုကျမတို့ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်တခုလုံးမှာ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုမိုးရေးပြန်ရဖို့ ကျမတို့ အခိုင်အမာဆုံးဖြတ်ထားပါတယ်”လို့ပြောပါတယ်။ အကြမ်းဖက်ပဋိပက္ခတွေအကြားမှာ  ကြားညပ်နေသူအားလုံးရဲ့ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ အတွက်လည်း နက်နက်ရှိုင်းရှိုင်းခံစားရတဲ့အကြောင်းနဲ့ မွတ်စလင်တွေ အတော်များများ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ထွက်ပြေးတာကိုကြားရတဲ့အတွက် ဒီကိစ္စကို အလေးထားတဲ့အကြောင်းလည်းပြောပါတယ်။ “ဘာကြောင့် အခုလို အစုလိုက်အပြုံလိုက် ထွက်ပြေးကြတယ်ဆိုတာ အဖြေရှာချင်တယ်။ ထွက်ပြေးတဲ့လူတွေကိုရော နေခဲ့တဲ့လူတွေကိုပါ ကျမတို့ စကားပြောချင်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အရည်အတွက်အတော်များပြားတဲ့ မွတ်စလင်တွေဟာ ထွက်ပြေးတဲ့လူတွေနဲ့ လိုက်မသွားကြဘူးဆိုတာကို လူနည်းနည်းပဲသိကြတယ်လို့ ကျမထင်ပါတယ်” ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို  ပြန်လက်ခံဖို့ အတွက် စိစစ်တဲ့ လုပ်ငန်းတွေပြန်စတင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ကတည်းကစပြီး ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ မရှိတော့တဲ့အကြောင်း  အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးပြန်ရဖို့နဲ့ မွတ်စလင်နဲ့ ရခိုင် အသိုင်းအ၀န်းနှစ်ခုအကြား သဟဇာတရရှိအောင်တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းအား ထုတ်နေတယ်လို့ဆိုပါတယ်။ စစ်ပွဲထက်ငြိမ်းချမ်းရေးကိုပိုမိုလိုလားတယ်၊ ပြည်သူတွေခံစားနေရတာ မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်စေချင်တယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့သူအားလုံးမှာ တာဝန်ရှိတယ်၊ ပြသနာတွေကို ရဲရဲရင့်ရင့်နဲ့ ဖြေရှင်းဖို့အတွက် ပိုပြီးအပြုသဘောဆိုင်တဲ့ နည်းလမ်းသစ်တွေရှာဖွေနိုင်အောင်ကူညီဖို့ နိုင်ငံတကာ အသိုင်းအ၀န်းကိုတောင်းဆိုတယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ သဂုတ် ၂၅ ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံ ရမှုတွေဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဝေဖန်မှုတွေမြင့်တက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး အကြိမ် မိန့်ခွန်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဒီမိန့်ခွန်းနဲ့ပတ်သက်ပြီး သတင်းစာဆရာ ဦးဇင်လင်းက “မြန်မာနိုင်ငံအပေါ် ထိုးနှက်တိုက်ခိုက်နေတာ၊ ဒီအချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂအပါအဝင် သံတမန်လောကက ဖိအားပေးနေတာ၊ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က စိန်ခေါ်လိုက်တဲ့ သဘောပါပဲ။ စိန်ခေါ်တယ်ဆို တာက ဒီပြဿနာတွေကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ရှင်းနိုင်တဲ့ အခြေအနေရှိတယ်၊ အချက်အလက်တွေ ရှိတယ်ဆိုတာ ထုတ်ပြလိုက်တာပဲ။ ပြောတာတွေထဲမှာတော့ ဘယ်သူ့ကိုမှ ထိခိုက်တာ၊ ပုတ်ခတ်တာတွေ မပါဘူး။ ပြောရရင်တော့ ဒါဟာ သံခင်း တမန်ခင်းဆိုင်ရာ မိန့်ခွန်းလို့ ပြောလို့ရပါတယ်။”လို့သုံးသပ်ပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)ကတော့ လူ့အခွင်အရေးချိုး ဖောက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချပြောဆိုခဲ့တာကြားရတာကောင်းပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတုန်းဘဲလို့ ပြစ်တင်ဝေ ဖန်လိုက်ပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ပဲခူး၊ မြစ်ကြီးနား၊ တောင်ကြီး၊ မြိတ်နဲ့ ပုသိမ်မြို့ စတဲ့မြို့တွေပါအ၀င် နိုင်ငံတ၀န်းရှိ ပြည်သူတွေကတော့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်ချက်ကို  စုရုံးကြည့်ရှုနားထောင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024