Home
ဆောင်းပါး
ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးနေကြသူများနှင့် သတိပေးခေါင်းလောင်းသံ
DVB
·
September 19, 2017
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မကြာခင်က ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာပေါ်မှာရှိတဲ့ ငတ်မွတ်ခေါင်းပါးနေကြသူတွေရဲ့ အရေအတွက်ဟာ ဆယ်စုနှစ်တခုအတွင်းမှာ ပထမဆုံးအကြိမ် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ဆယ်စုနှစ်တခုကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းရှိတဲ့လူတွေဟာ စစ်မက်ပဋိပက္ခတွေ၊ ရာသီဥတု အပြာင်းအလဲနဲ့ စီးပွားရေး ကံဆိုးမိုးမှောင်ကျမှုတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရပြီလို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ မနှစ်ကဆိုရင် လူ ၈၁၅ သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ခံစားခဲ့ရပြီး ၂၀၁၅ ခုနှစ်နဲ့စာရင် ၃၈ သန်းလောက် ပိုများလာတယ်လို့ ဆိုပါတယ်။ ကမ္ဘာအနှံ့အပြားမှာ ငတ်မွတ်ခေါင်းပါးမှု ခံစားရတဲ့ လူအရေအတွက်ဟာ ၂၀၁၄ ခုနှစ်မှာ စပြီး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဆယ်စုနှစ် တခုကျော်အတွင်း ပထမဆုံး ကမ္ဘာတဝန်းမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံစားရတဲ့ လူဦးရေ မြင့်တက်လာတပဲ ဖြစ်တယ်လို့ ပြောရမှာပါပဲ။ အဲဒီ ငတ်မွတ်ခေါင်းပါးမှု ခံစားရသူတွေထဲက ၄၈၉ သန်းဟာ စစ်မက်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့ အစီရင်ခံစာက ပြဆိုပါတယ်။ ဒီလိုဆိုရင် အဲဒီအရေအတွက်ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုတွေလည်း အပါအဝင် ဖြစ်ပါလိမ့်မယ်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလမှာ ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ဟာ အကြီးအကျယ် မြင့်တက်လာခဲ့ပြီး ပိုပြီး ရှုပ်ထွေးလာသလို သဘာဝအရ ထိန်းချုပ်ကိုင်တွယ်လို့ မရနိုင်အောင် ဖြစ်လာခဲ့တာ တွေ့ရပါတယ်” လို့ ကုလသမဂ္ဂအေဂျင်စီ ၅ ခုရဲ့ အကြီးအကဲတွေက ၂၀၁၇ ခုနှစ် ကမ္ဘာ့အစားအစာနဲ့ အာဟာရဓာတ် လုံခြုံရေး အစီရင်ခံစာမှာ ဖော်ပြပြောဆိုသွားတာ တွေ့ရပါတယ်။ သူတို့က “ဒါဟာ ကျနော်တို့တတွေ ဘယ်လိုမှ မျက်နှာလွှဲခဲပစ် လုပ်လို့မရတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်ပါတယ်။ တကယ်လို့သာ ကျနော်တို့က အစားအစာနဲ့ အာဟာရဓာတ် လုံခြုံမှုကို အားနည်း ထိခိုက်စေနိုင်တဲ့ အချက်အလက်အားလုံးကို မကိုင်တွယ်နိုင်ဘူးဆိုရင် ၂၀၃၀ ခုနှစ်အထိ ငတ်မွတ်ခေါင်းပါးမှုနဲ့ အစာအာဟာရ ချို့တဲ့မှုပုံစံ အားလုံးကို အဆုံးသတ် ဖယ်ရှားပေးနိုင်မှာ မဟုတ်ပါဘူး” လို့လည်း ပြောဆိုခဲ့ကြပါတယ်။ အငတ်ဘေးဟာ ဒီနှစ် အစောပိုင်းကာလမှာတောင် ဆူဒန်နိုင်ငံကို ထိုးနှက်ခဲ့ပြီး အဲဒီနေရာမှာ ပြန်ဖြစ်နိုင်တဲ့ အန္တရာယ်လည်း အများကြီးရှိနေပါတယ်။ နောက် တခြားပဋိပက္ခဒဏ်သင့်ခံကြရတဲ့ နိုင်ငံတွေဖြစ်တဲ့ အရှေ့မြောက် နိုင်ဂျီးရီးယား၊ ဆိုမာလီနဲ့ ယီမင်နိုင်ငံတွေမှာလည်း သက်ရောက်ခံရမှု ပိုများလာနိုင်တယ်လို့လည်း ကုလ အေဂျင်စီတွေက ဆိုပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေက ၂၀၃၀ ခုနှစ်မကုန်ခင်မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုကို အဆုံးသတ် တိုက်ဖျက်နိုင်မယ့် နည်းလမ်းသစ်တွေကို တောင်းဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဇလာထန်မီလီဆစ်ကလည်း “လိုအပ်ချက်တွေကို ပြည့်မီရုံအတွက်ပဲ မဟုတ်ဘဲ လိုအပ်မှုတွေ အဆုံးသတ်ဖို့နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ဖြစ်စေတဲ့ အဓိကအချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူက “ကျနော်တို့မှာ သုတေသနလုပ်ငန်းတွေ အများကြီးရှိပါတယ်။ အဲဒီသုတေသနတွေက အစားအစာ လုံခြုံမှုဟာ ပဋိပက္ခတွေကတော့ တိုက်ရိုက်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပဋိပက္ခတွေကတော့ အလွန်အားကောင်းတဲ့ မောင်းခလုတ်တခုဖြစ်ပြီး အစားအစာလုံခြုံမှုကတော့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနိုင်တဲ့ အရာတခုလို့ မှတ်ယူထားကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ငတ်မွတ်ခေါင်းပါးမှုရဲ့ အဟန့်အတားကြောင့် ဖွံ့ဖြိုးကြီးထွားမှု ထိခိုက်ခံခဲ့ရတဲ့ ကလေးတွေရဲ့ အချိုးအစား ပမာဏဟာ ၂၀၁၅ ခုနှစ်မှာ ၂၉ ဒသမ ၅ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၂၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အသက် ၅ နှစ်အောက် ကလေးသူငယ် ၁၁၅ သန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေရပြီး ကလေးတွေရဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး လုပ်နေခဲ့ပြီ ဖြစ်တယ်လို့လည်း သူတို့က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ အာရှဒေသမှာတော့ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေကြရတဲ့ ပြည်သူလူထု အရေအတွက်ဟာ သန်း ၅၂၀ ရှိနေပြီး အများဆုံးအရေအတွက် ဖြစ်သလို အာဖရိကတိုက်ငယ်ဒေသက ပြည်သူလူထုတွေဟာလည်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ရှိနေတဲ့အတွက် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အမြင့်ဆုံး ခံစားနေကြရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ကမ္ဘာတဝန်းလုံးရဲ့ လူဦးရေဟာ သန်း ၇၀၀၀ ကျော် ရှိနေခဲ့ပါပြီ။ ၁၉၉၂ ခုနှစ်ကစတင်ပြီး အစာအာဟာရ ချို့တဲ့သူ ဦးရေကတော့ ၁၉၉၀-၉၂ ခုနှစ်ပိုင်းနဲ့စာရင် ၂၀ ရာခိုင်နှုန်း ၂၁၆ သန်းလောက် လျော့ကျခဲ့တယ်လို့ သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကမ္ဘာပေါ်မှာ လူ ၇၉၅ သန်း (၉ ယောက်မှာ ၁ ယောက်) ဟာ အစားအစာ လုံလောက်အောင် မစားသုံးနိုင်ဘူးလို့ ဆိုပါတယ်။ အလွန်အံ့သြထိတ်လန့်စရာ ကိန်းဂဏန်းပဲလို့ ဆိုရပါတယ်။ လူ ၉ ယောက်မှာ တယောက်ဟာ အစာရေစာ ဝလင်အောင် မစားရရှာ ဖြစ်နေကြပါပြီ။ နောက် အဲဒီလို အစာရေစာ ဝလင်အောင် မစားနိုင်ကြတဲ့ သူတွေထဲက ၉၈ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေ ဖြစ်တယ်လို့ တွေ့ရှိရပြီး အဆိုးဆုံး ငတ်မွတ်ခေါင်းပါးမှုဒဏ် သင့်နေသူတွေဟာ  … အာရှဒေသမှာ လူဦးရေ  ၅၂၅ ဒသမ ၆ သန်း၊ အာဖရိက တိုက်ငယ်ဒေသမှာ ၂၁၄ သန်း၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာ ၃၇ သန်း ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အငတ်မွတ်ဆုံး ဒေသတွေကို ဦးတည်ရည်ရွယ်တဲ့ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး စီမံချက်တွေကို ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ ဘာကီနာဖာဆို၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ ဂါနာ၊ မာလာဝီ၊ မက္ကဆီကို၊ မိုဇင်းဘစ်၊ ပီရူး၊ ဆီနီဂေါနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံတော့ မပါဝင်တဲ့အတွက် ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မိသိန်းကြည်လို့ပဲ ပြောရတော့မှာပါပဲ။ ဒါပေမယ့် အာရှဒေသမှာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်သင့်ခံနေရတဲ့ ပြည်သူလူထု ၅၂၅ ဒသမ ၆ သန်းထဲမှာတော့ မြန်မာနိုင်ငံက အခြေခံနင်းပြား ပြည်သူလူထုတွေ ပါဝင်မှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ကမ္ဘာ့အမျိုးသမီးထုရဲ့ ၆၀ ရာခိုင်နှုန်းဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေရပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက ၅၀ ရာခိုင်နှုန်းရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေဟာ မှန်ကန်တဲ့ သားသည်မိခင် ပြုစုစောင့်ရှောက်မှု မရရှိဘဲ နှစ်စဉ် သားသမီး မွေးဖွားစဉ် မိခင်သေဆုံးရမှုဟာ ၃၀၀၀၀၀ လောက် ရှိနေတယ်လို့လည်း သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။ အသက် ၅ နှစ်အောက် ကလးသေဆုံးရမှု အရေအတွက်ရဲ့ ထက်ဝက်လောက်ဟာ အာဟာရချို့တဲ့မှုကြောင့်ဖြစ်ပြီး ကမ္ဘာပ်ါမှာ ဆယ်စက္ကန့်တိုင်း ဆယ်စက္ကန့်တိုင်းမှာ ကလေးငယ်တယောက် သေဆုံးနေရတယ်လို့ ဖော်ပြထားတဲ့အတွက် ဒီအရေအတွက်ဟာ နည်းတယ်လို့ ပြောလို့မရတဲ့ ပမာဏ ဖြစ်ပါတယ်။ ပြဿနာရဲ့ အဓိက အကြောင်းရင်းတခုကတော့ ဆင်းရဲမွဲတေမှုပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ ၈၉၅ သန်းလောက်ဟာ တနေ့ ဝင်ငွေ ၁ ဒသမ ၉ ဒေါ်လာလောက်နဲ့ အသက်ရှင် ရပ်တည်နေကြရပြီး အဲဒီဆင်းရဲမွဲတေမှုရဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကလေးသူငယ် ၂၂၀၀၀ လောက် နေ့စဉ် သေဆုံးနေရတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ဆင်းရဲတဲ့ မိသားစုတွေက မွေးဖွားခဲ့တဲ့ ကလေးတွေက ရာနှုန်းအများစု ဆိုတာကတော့ သေချာပါတယ်။ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးလူတွေရဲ့ ၇၀ ရာနှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်နေကြပြီး သူတို့ရဲ့ ဘဝအသက်မွေးမှုကိုလည်း စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ပဲ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေ ဖြစ်ပါသတဲ့။ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ လယ်ယာ တောင်ယာ စိုက်ပျိုးလုပ်ကိုင်ကြတဲ့ မိသားစုတွေပဲ ဖြစ်တယ်လို့လည်း သုတေသနမှတ်တမ်းနဲ့ အစီရင်ခံစာတွေက ပြဆိုထားတာ တွေ့ရပါတယ်။ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေအရ ကောက်ချက်ဆွဲရရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ ငတ်မွတ်ခေါင်းပါးမှု ဆင်းရဲမွဲတေမှုတွေထဲမှာ မွန်းနစ်နေကြရတယ် ဆိုတာကို တွေ့ရမှာပါ။ စစ်အာဏာရှင် တကိုယ်ကောင်းသမား ဗိုလ်ချုပ်တွေနဲ့ အလိုတော်ရိ ခရိုနီ ခရိုဝါတွေကြောင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံဖြစ်နေတဲ့ ကျနော်တို့နိုင်ငံက သာမန် ပြည်သူလူထုတွေကတော့ ပိုပြီးတော့ ဆိုးဝါးပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှု အာဟာရချို့တဲ့မှုတွေ၊ ဆင်းရဲမွဲတေမှုတွေကို ခါးဆီးခံနေရရမှာကတော့ ဆင်ခြင် စဉ်းစားတတ်သူတိုင်း နားလည်သိမြင်ပြီး ဖြစ်မှာပါ။ ကနေ့ထိ စစ်အုပ်စုဝင်တွေ မိသားစု ဆွေတော်မျိုးတော်တွေ၊ ခရိုနီတွေမှာ တိုက်တာအိမ်ခြေ ကား လယ်ယာဥယျာဉ် ခြံမြေတွေ ရွှေ့ပြောင်းနိုင်တဲ့၊ မရွှေ့ပြောင်းနိုင်တဲ့ ဥစ္စာပစ္စည်းတွေ စာရင်းပျောက် အင်းပျောက် ပိုင်ဆိုင်ထားချိန်မှာ ကျူးကျော်သူတွေလို့ သတ်မှတ် မောင်းထုတ်ခံရသူတွေ၊ လုပ်ကိုင်နေဆဲ လယ်ယာဥယျာဉ်ခြံမြေတွေ အသိမ်းခံရလို့ ဘဝပျက်နေသူ မိသားစုတွေ၊ အောက်ခြေပျံကျတွေဆိုရင် ဘယ်လောက်များ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေ၊ အစာအာဟာရချို့တဲ့ ရောဂါဘယ စွဲကပ် သေဆုံးနေကြလေမလဲ။ မစဉ်းစားရဲလောက်အောင်ပါပဲ။ စဉ်းစားလိုက်တိုင်းလည်း ဒေါသထွက်ရ စိတ်မကောင်းဖြစ်ခဲ့ရ ဖြစ်နေရဆဲ မဟုတ်ပါလား။       ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024