Live
Home
မြန်မာသတင်း
မောင်တောဒေသရှိ စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်
ပိုင်စိုး
·
September 19, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်  ပိတ်ထားခဲ့ရတဲ့ အခြေခံပညာ စာသင်ကျောင်းတချို့  စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြန်လည်စတင် ဖွင့်လှစ်ပါတယ်။ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က “၇ ကျောင်းပြန်ဖွင့်ပါမယ်။ နေရပ်က တိမ်းရှောင်သွားတဲ့ ဆရာ၊ ဆရာမတွေ ထက်ဝက်ကျော် ပြန်ရောက်နေပါပြီ။ ကျောင်း ၁၈၃ ကျောင်းမှာ ဆရာ၊ ဆရာမ ၁၄၅၀ ကျော်ရှိတယ်။ အခု ၇၀၀ ကျော် ပြန်ရောက်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်မှာတော့ ဆရာ ဆရာမတွေ သူတို့တာဝန်ကျရာနေရာတွေကို ပြန်ရောက်နေပြီး မနေ့ကထိ သတင်းပို့လာသူ ပညာရေးဝန်ထမ်းပေါင်း ၁၃၂၀ ရှိတယ်လို့ မြို့နယ်ပညာရေးမှူး ဦးညွန့်ဖေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ကျောင်းပေါင်း ၂၁၉ ကျောင်းရှိပြီး ဆရာ၊ ဆရာမပေါင်း ၁၅၈၃ ယောက်ရှိတာမှာ တပ်တွင်းစာသင်ကျောင်း ၉ ကျောင်း အပါအဝင် ကျောင်း ၂၀ ဖွင့်ထားတယ်လို့ သူက ဆိုပါတယ်။ “ဒီကျောင်း ၂၀ ရဲ့ အခြေအနေကို ကြည့်ရမှာပေါ့။ အားလုံး တည်ငြိမ်တယ်ဆိုရင်တော့ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်၊ ပြည်နယ်ပညာရေးမှူးရဲ့ ညွှန်ကြားချက်အပေါ် မူတည်ပြီး မြို့နယ်အာဏာပိုင်အဖွဲ့နဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်မှာပါ” လို့ ပြောပါတယ်။ ရသေ့တောင်မှာတော့ လက်ရှိမှာ ပိတ်ထားတဲ့ကျောင်းတွေ မရှိဘူးလို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကနေ တိမ်းရှောင်နေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ တာဝန်ကျရာ ဒေသတွေကို စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားတာပါ။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဘုန်းပြည့်ရဲ့ ဌာနဆိုင်ရာအားလုံး မိမိတာဝန်ကျရာ နေရာဒေသတွေဆီ ပြန်သွားဖို့ ညွှန်ကြားချက်အရ ပညာရေးဌာနကလည်း အခုလို ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကတော့ အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်တဲ့ဒေသတွေကို ဆရာ၊ ဆရာမတွေကို အတင်းအကျပ် ပြန်လည်စေလွှတ်ခြင်း မပြုဖို့၊ အခြေအနေတည်ငြိမ် အာမခံနိုင်မှသာ စေလွှတ်ဖို့နဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံပေးဖို့ ကြေညာထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်ခံရမှုကြောင့် ဆရာ၊ ဆရာမတွေရဲ့ ဆုံးရှုံးမှုတွေအတွက် နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024