တောရိုင်းတိရစ္ဆာန်များအရေး မန္တလေးတွင် ဆွေးနွေး
Aung Aung Naing
·
September 18, 2017
တောရိုင်းတိရစ္ဆာန်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ခွဲခြားစိစစ် ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ ကျင်းပပါတယ်။
ကချင်၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ တနင်္သာရီတို့မှာ မြန်မာ့အဏ္ဏဝါထိန်းသိမ်းရေးကို WCS (သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး)အနေနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်က အဏ္ဏဝါစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ကာ ချင်းတွင်း၊ ဧရာဝတီ၊ မြစ်ဝကျွန်းပေါ်အထိ ကြိုးကြာငှက်တွေ ထိန်းသိမ်းရေးကို ဆောင်ရွက်နေပြီး ဟူးကောင်းနဲ့ တမံသီမှာ ကျားထိန်းသိမ်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို မန္တလေးတိုင်းအတွင်းက ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ တရားရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်ရေး၊ သစ်တောဌာနမှာ တောအုပ်တွေနဲ့ လေ့လာသူတွေ တက်ရောက်ခဲ့ကြပြီး တိုင်းသစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။