ချစ်သူကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ်တိုင် အဆုံးစီရင်ခဲ့သည့် ရေတပ်ကျောင်းဆင်းအရာရှိ

အမေရိကန်နိုင်ငံမှာ ရေတပ်ကျောင်းဆင်း အမျိုးသားတဦးဟာ သူ့ရဲ့ ချစ်သူမိန်းကလေးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဟီသာကမ့်ဘဲလ်ဟာ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်မှ စိတ်ပညာအထူးပြု ကျောင်းသူတဦးဖြစ်ကာ အသက် ၂၅ နှစ်အရွယ် ခိုင်လ်လက်ဖာတီကတော့ ရေတပ်ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာကျောင်းဆင်းတဦး ဖြစ်ပါတယ်။ သူတို့ ၂ ဦးရဲ့ အလောင်းကိုတော့ ကိုလံဘတ်စ်မြို့၊ တေလာဟောက်စ်အိမ်ရာ အခန်းတွင်းမှာ စက်တင်ဘာ ၁၇ ရက်၊ နေ့လယ် ၂း၃၀ နာရီလောက်မှာ တွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ “ကောင်လေးက ကောင်မလေးကို သတ်လိုက်ပြီးတော့ သူ့ကိုယ်သူပါ သတ်သေသွားခဲ့ပုံ ပေါ်ပါတယ်။ ဒီသေဆုံးမှုမှာ သူတို့အချင်းချင်းကြား အတွင်းရေးဆက်နွယ်မှုတွေနဲ့ ပတ်သက်နေပါလိမ့်မယ်” လို့ ကိုလံဘတ်စ်ရဲဌာန ပြောရေးဆိုခွင့်ရသူ ဒေ့ဗ်ဆီစီလီယန်က ပြောပါတယ်။ ကမ့်ဘဲလ်ရဲ့ သူငယ်ချင်းတွေထဲက တဦးဟာ သူ့ဆီလာရောက်ခဲ့ချိန်မှာ ခုလို အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရပြီး ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အခန်းနားနီးချင်းတဦးကတော့ အခင်းမဖြစ်မီ အချိန်ကာလက သူတို့အခန်းတွင်း ကတောက်ကဆဖြစ်တဲ့ အသံတွေ ကြားခဲ့ရပြီးနောက် သေနတ်သံပါ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ့်ဘဲလ်ဟာ ဇူလိုင် ၇ ရက်နေ့မှာ လက်ဖာတီနဲ့ အတူရိုက်ကူးထားခဲ့တဲ့ အသည်းပုံ ၄ ခုပါ ဓာတ်ပုံတပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။ လက်ဖာတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ၂ ဦးအတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံမှ မတွေ့ရဘဲ ယူနီဖောင်းနဲ့ ရိုက်ကူးထားတဲ့ ပုံတွေရယ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေကိုပဲ တွေ့ရပါတယ်။ သူဟာ အမေရိကန် ရေတပ်ကုန်သွယ်ရေကြောင်း အကယ်ဒမီကနေ ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ ကျောင်းပြီးထားခဲ့တာပါ။ သူတို့ ၂ ဦး သေဆုံးတဲ့သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ “ဒီကံဆိုးမိုးမှောင်ကျမှုဖြစ်ရပ်အတွက် ကျွန်ုပ်တို့အနေနဲ့ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ ဟီသာကမ့်ဘဲလ်ဟာ စိတ်ပညာအထူးပြု ကျောင်းသူတဦး ဖြစ်ပါတယ်။ ခုလို ခက်ခဲတဲ့ အချိန်ကာလအတွင်းမှာ သူ့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up