မြန်မာယူ-၁၈ ဘောလုံးအသင်းနည်းပြ ဘန်လာဘီကို ရာထူးမှထုတ်ပယ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ဟာ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တဲ့ နည်းပြ ဘန်လာဘီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာဆီယံပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် မလေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယလုပွဲမှာလည်း အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ စံချိန်တင်ရှုံးနိမ့်ခဲ့တာပါ။ ဒီလိုအခြေအနေတွေကြောင့် နည်းပြ ဘန်လာဘီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ပြင်သစ်မှာ သွားရောက်လေ့ကျင့်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ပြင်သစ်နည်းပြ ဘန်လာဘီကို လာမယ့် ဒီဇင်ဘာလကုန်အထိ စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး လက်ကျန် ၂ လစာကို ပေးလျော်ကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ အမ်အက်ဖ်အက်ဖ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာယူ-၁၈ ကစားသမားတွေအနေနဲ့ အာဆီယံပွဲက ရှုံးနိမ့်မှုတွေကို သင်ခန်းစာယူပြီး လာမယ့် အာရှယူ-၁၉ ခြေစစ်ပွဲမှာ အောင်မြင်အောင် ကြိုးစားကြဖို့လည်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ် မြန်မာယူ-၁၈ အသင်းကို ကိုင်တွယ်ဖို့ ပြည်တွင်းနည်းပြအဖွဲ့ကို တာဝန်ပေးအပ်မှာဖြစ်ပြီး နည်းပြအဖွဲ့ရဲ့ ဆန္ဒအရ ပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့် ခြေစမ်းသွားမယ်လို့ သိရပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ လာမယ့် နိုဝင်ဘာ ၄ ရက်မှာစတင်မယ့် အာရှယူ-၁၉ ခြေစစ်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။ အာရှခြေစစ်ပွဲမှာ အုပ်စု ၁၀ ခု ခွဲခြားထားပြီး အုပ်စုပထမ ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်းက အိမ်ရှင် အင်ဒိုနီးရှားနဲ့အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားခွင့်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up