Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်တွေ ကျေးရွာခြံမြေ သိမ်းစည်းထားမှု ပြန်လည်ရရှိရန် ဆန္ဒပြ
DVB
·
September 18, 2017
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာကျေးရွာရှိ ခြံမြေ ၁ ဒသမ ၅ ဧက သိမ်းဆည်းထားမှု ပြန်လည်ရရှိဖို့ ကျေးရွာသူရွာသား ၂၀ လောက်က စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီမှာ ဆန္ဒပြခဲ့ကြပါတယ်။ ကုန်းမြင့်သာယာကျေးရွာရှိ ခြံမြေ ၁.၅ ဧကကို သက်ဆိုင်ရာဌာနတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကျေးရွာ/မြို့နယ် မြေယာစီမံခန့်ခွဲရေး အဖွဲ့တွေက စုံစမ်းစစ်ဆေးချက်တွေအရ ဆုံးဖြတ်ချက်တွေကို အတည်ပြုပေးရေးနဲ့ နောက်တချိန် ပြန်လည်စစ်ဆေးတာပြုလုပ်မှာကို မလိုလားလို့ အခုလို ဆန္ဒပြရတာလို့ ဦးဆောင်သူတဦးက ပြောပါတယ်။ ဦးဆောင်သူ ဦးသန်းဇော်ဝင်းက “၂၀၀၅ ခုနှစ်က စစ်ဘေးရှောင်ပြေးခဲ့ရတဲ့ ရွာမြေကို အခုချိန်မှာ ကျူးကျော်သိမ်းဆည်းထားတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ ဒီရွာမြေကို ပြန်လည်ရဖို့ မြို့နယ်ကို စာတင်ခဲ့တယ်။ အဲဒါကို မြို့နယ်ဌာနဆိုင်ရာအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ် လယ်ဆည်တွေ ရွာမှာလည်း စစ်ဆေးတယ်၊ မြို့နယ်ရုံးကိုလည်း ခေါ်ပြီး စစ်ဆေးတာတွေ ပြုလုပ်တယ်။ ဒါဟာရွာမြေဆိုပြီး အတည်ပြုပေးတယ်။ အဲဒီလို အတည်ပြုပြီးကာမှ အခု ဒါကို မဟုတ်ပါဘူး၊ ပြန်လည် စစ်ဆေးတာတွေ ထပ်လုပ်မယ်ဆိုတာကို မကျေနပ်လို့ အခုလို ဆန္ဒပြရတာဖြစ်တယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ မိမိကိုယ်ပိုင်ခြံမြေများ ပြန်လည်ရရှိရေး၊ ဌာနဆိုင်ရာများ - လွှတ်တော်ကိုယ်စားလှယ်များ မူလစစ်ဆေးပေါ်ပေါက်ချက်များကို အတည်ပြုပေးရေး၊ နောက်တကြိမ် ပြန်လည်စစ်ဆေးတာကို အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာပါ။ ရွှေကျင်မြို့နယ်မှာ အခုလို ဆန္ဒပြတာဟာ ပထမဦးဆုံးအကြိမ် ဆန္ဒပြတာလို့လည်း သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024