တောင်တွင်းကြီးမြို့နယ်တွင် လူတဦး မိုးကြိုးထိမှန် သေဆုံး
DVB
·
September 18, 2017
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဆတ်သွားတိုက်နယ်မှာ မိုးကြိုးထိမှန်လို့ အမျိုးသားတဦး သေဆုံးသွားပါတယ်။
သီရိမင်္ဂလာအုပ်စု၊ သီရိမင်္ဂလာ ကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ စက်တင်ဘာ ၁၇ ရက် ညနေ ၆ အချိန်လောက်က မြေပဲခင်းအတွင်း လင်မယား ၂ ဦး မြေပဲနုတ်နေချိန် မိုးရွာသွန်းလာတာကြောင့် လှည်းယာဉ်အောက်ကို မိုးခိုနေချိန်မှာ မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးကြိုးထိမှန် သေဆုံးသူ သီရိမင်္ဂလာကျေးရွာနေ ဦးလှသောင်း (အသက် ၅၂-နှစ်) ဟာ မိုးကြိုးထိမှန်ပြီး ဝဲနားနောက်ဘက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခန္ဓာကိုယ်တခြမ်းလုံး ညိုမည်းကာ ဦးခေါင်းရှိဆံပင်တွေ တွန့်လိမ်ကောက်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဇနီး ဒေါ်သီတာ (အသ ၄၇-နှစ်) ကတော့ မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ပြီး ခန္ဓာကိုယ် လက်၊ ခြေတွေ နာကျင်ခံစားရပြီး ခေါင်းမူး ခေါင်းကိုက်ဝေဒနာတွေ ခံစားရတာကြောင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
မိုးကြိုးထိမှန် သေဆုံးမှုနဲ့ပတ်သက်ပြီး ဆတ်သွားနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းအောင်ကျော်က သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၇) နဲ့ အမှုဖွင့် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - သားကြီး (တောင်တွင်းကြီး)