လန်ဒန်ရထား ဗုံးပေါက်ကွဲမှု သံသယရှိသူတဦးကို ထပ်မံဖမ်းဆီး

စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ခဲ့တဲ့ လန်ဒန်ရထားပေါ် ဗုံးပေါက်ကွဲမှုနဲ့ စပ်ဆက်ပြီး သံသယရှိ နောက်တဦးကို ထပ်မံ ဖမ်းဆီးရမိတယ်လို့ ရဲတွေက ပြောလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးကို လန်ဒန်အနောက်ပိုင်း ဟောင်စလိုမြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့ညက အကြမ်းဖက်လုပ်ရပ် သံသယရှိမှုနဲ့ ဖမ်းဆီးခဲ့ပြီး လန်ဒန်တောင်ပိုင်းက အချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီအမှုနဲ့ဆက်လျဉ်းပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသားကို ပထမဆုံး ဖမ်းမိခဲ့တာဖြစ်ပြီး အခု နောက်တယောက်ကို ဖမ်းမိတာက ဒီအကြမ်းဖက်မှုဟာ တဦးတည်း လုပ်ဆောင်ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ပြသနေကြောင်း ပြည်ထဲရေးဝန်ကြီး အမ်ဘာရက်ဒ်က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အိုင်အက်စ်တွေ ရှိနေမယ်ဆိုတဲ့ သက်သေအထောက်အထား မရှိကြောင်းလည်း မစ္စရက်ဒ်က ပြောလိုက်ပါတယ်။ “ဒါပေမယ့် ဒါကို ဖော်ထုတ်ပြီး ကျမတို့ စုံစမ်းမှုကို လုပ်နေတယ်။ အကယ်၍ ကျမတို့ စုံစမ်းဖော်ထုတ်နိုင်ရင် သူ့ကို ဘယ်လိုမျိုး အစွန်းရောက်ဖြစ်အောင် လုပ်ထားတယ်ဆိုတာ ကျမတို့ ရှာတွေ့အာင် လုပ်နိုင်မယ်” လို့ မစ္စရက်ဒ်က ပြောပါတယ်။ ယူကေနိုင်ငံရဲ့ အကြမ်းဖက်တိုက်ခိုက်ခြိမ်းခြောက်ခံရမှုက စိုးရိမ်စရာအနေအထားမှာ ဆက်ရှိနေပြီး တိုက်ခိုက်မှုတခု မကြာခင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က ရထားပေါ် ဗုံးပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် လူ ၃၀ ဒဏ်ရာရပြီး ဆေးရုံပေါ်မှာ လူနာတဦး ခုထိ ကုသနေရဆဲလို့ အဲန်အိတ်ခ်ျအက်စ် အင်္ဂလန်သတင်းဌာနက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ ရဲတွေက ဆာရီကောင်တီရှိ ဆန်းဘာရီ-အွန်-သိမ်းမ်စ်မြို့က အိမ်တွေကို ဆက်လက်ရှာဖွေနေကြပြီး စက်တင်ဘာ ၁၆ ရက်နေ့ မနက်က ဒိုဗာမှာ ဖမ်းမိတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားက အဲ့ဒီမြို့မှာ နေတယ်လို့ ယူဆနေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up