ထိုင်းနိုင်ငံတွင် သမီး ၂ ဦးကို သတ်ပြီး ဖခင်ဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သတ်သေ

ထိုင်းနိုင်ငံ ပွန်နမ်ရွန်ခရိုင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့မနက်က အမျိုးသားတဦးဟာ သူ့ကိုယ့်သူ သေနတ်နဲ့ သတ်မသေခင် အသက် ၅ နှစ်အရွယ်နဲ့ ၉ နှစ်အရွယ် သမီး ၂ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းရရှိချိန်မှာ ပွန်နမ်ရွန်ခရိုင် ထက်ပ်နီမစ် တမ်ဘုမ် အိမ်အမှတ် ၄၈ ကို ရဲအဖွဲ့တွေနဲ့ ဆေးဝန်ထမ်းတွေ စေလွှတ်ခဲ့တယ်လို့ တာဝန်ကျရဲအရာရှိ ချနင်ထမ်ဆန်တီဘွန်းက ပြောပါတယ်။ အိမ်ထဲမှာ အသက် ၃၆ နှစ်အရွယ် ဘွန်ဆာမ်ပစ်ဖန်ရဲ့ အလောင်းကို ဘေးမှာ သေနတ်တိုတလက်နဲ့အတူ ဘီဒိုရှေ့ လဲကျနေတာ တွေ့ရပြီး ကျည်ဆန်က သူ့ရဲ့ပါးစပ်ကနေ ဦးခေါင်းထဲ ဝင်သွားတာလို့ ဆိုပါတယ်။ သူ့ရဲ့သမီး ၂ ဦးကိုလည်း အနီးအနားမှာပဲ တွေ့ရပြီး ၂ ဦးစလုံးရဲ့ ရင်ဘတ်တွေကို သေနတ်နဲ့ ပစ်ထားတာလို့ ဆိုပါတယ်။ အသက် ၅ နှစ်အရွယ် သမီးက သေဆုံးနေပြီး ၉ နှစ်အရွယ်သမီးက ဒဏ်ရာရာအပြင်းအထန်ရလို့ ပွန်နမ်ရွန်ဆေးရုံကို အမြန်ပို့ပေမယ့် ရတဲ့ဒဏ်ရာနဲ့ပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ သတ်သေတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး စာတစောင်နဲ့ ကျည်ခွံ ၃ တောင့်ကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ သေဆုံးသူရဲ့ ညီဖြစ်သူ ဆုမ်ကစ်ဒ်ပစ်ဖန်က အစ်ကိုဖြစ်သူဟာ ဆောက်လုပ်ရေးဝန်ထမ်းဖြစ်ပြီး ရွာရဲ့လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်အားပေးလုပ်ကြောင်း အခင်းမဖြစ်ခင် သေဆုံးသူအမျိုးသားနဲ့ ဇနီးသည်တို့အကြား မနာလို သံသယပွားရာကနေ ဒေါသထွက် စကားများကြပြီးနောက် ဇနီးသည်က သမီး ၂ ဦးနဲ့အတူ သူမရဲ့မိခင်အိမ်ကို ပြောင်းရွှေ့သွားကြောင်း ပြောပါတယ်။ သေဆုံးသူ အမျိုးသားက ဇနီးဖြစ်သူကို ပြန်တောင်းပန်ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ သူက သမီး ၂ ဦးကို သူ့အိမ်ကို ပြန်ခေါ်လာကြောင်း ညီဖြစ်သူ မစ္စတာဆုမ်ကစ်ဒ်က ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ညီဖြစ်သူ မစ္စတာဆုမ်ကစ်ဒ်က သေနတ်သံ ၃ ချက်ကြားလို့ အိမ်ထဲကနေ ဂျက်ချထားတဲ့ ရှေ့တံခါးကို ဖျက်ပြီး အိမ်ထဲဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်သူ ပါးစပ်ထဲ သေနတ်နဲ့ မပစ်ခင် သမီး ၂ ဦးကို သူ့အစ်ကိုက ပစ်ခတ်ခဲ့တာလို့ ညီဖြစ်သူက ယူဆနေပါတယ်။ အမှုနဲ့ပတ်သက်လို့ ရဲတွေက စုံစမ်းနေကြပြီး သေဆုံးသူ ဘွန်ဆာမ်ရဲ့ ဇနီးကို မေးမြန်းဖို့ ရဲတွေက ခေါ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up