ဖမ်းဆီးထားသည့် ပြင်သစ်သတင်းထောက်ကို တူရကီက ပြန်လွှတ်

ပြင်သစ်သတင်းထောက် လူးဗျူအော (လယ်) (ဓာတ်ပုံ - အေအက်ဖ်ပီ)
တူရကီအာဏာပိုင်တွေ ပြီးခဲ့တဲ့ သြဂုတ်လက ဖမ်းဆီးထားတဲ့ ပြင်သစ်သတင်းထောက် လူးဗျူအော ကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ တူရကီအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် စက်တင်ဘာ ၁၇ ရက်နေ့ အစောပိုင်းမှာ ပြင်သစ်သတင်းထောက် လူးဗျူအောကို တူရကီမြို့တော် အစ္စတန်ဘူလ် လေယာဉ်ကွင်းမှာ လေယာဉ်ပေါ်တက်သွားတာ တွေ့ခဲ့ရပါတယ်။ လူးဗျူအောကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြင်သစ်လေကြောင်းပိုင် လေယာဉ်ပေါ်ကို အရပ်ဝတ်နဲ့ တူရကီရဲတွေက စောင့်ကြပ်ပို့ဆောင်ခဲ့ပါတယ်။ ကာ့ဒ်သူပုန်တွေနဲ့ အင်တာဗျူးခဲ့တဲ့ အထောက်အထားတွေနဲ့ ဓာတ်ပုံတွေ လက်ဝယ်တွေ့ရှိခဲ့တာကြောင့် သြဂုတ် အစောပိုင်းမှာ တူရကီနယ်ခြားစောင့်တပ်တွေက ဗျူအောကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သမ္မတက တူရကီ သမ္မတနဲ့ ဖုန်းကတစ်ဆင့် စကားပြောခဲ့စဉ်မှာ ဗျူအောနဲ့ ပတ်သက်ပြီး ပြောခဲ့သလို၊ တူရကီကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ၂ ရက် ကြာအလည်အပတ်လာရောက်ပြီးနောက်မှာ ဗျူအောကို အခုလိုပြန်လည် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကာ့ဒ်သူပုန်တွေရဲ့ အဖွဲ့ခွဲဖြစ်တဲ့ ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီး ဗျူအောကို ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ PKK ပါတီဟာ တူရကီတောင်ပိုင်းမှာ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေခဲ့တာ နှစ်ပေါင်း ၃၀ လောက် ရှိပါပြီ။ PKK ကို အကြမ်းဖက်အဖွဲ့အဖြစ် တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က သတ်မှတ်ထားကြပါတယ်လို့ သိရပါတယ်။  

More News
Up