Home
မြန်မာသတင်း
ဟောင်းနွမ်း၊ စုတ်ပြဲငွေစက္ကူများကို ဘဏ်တိုင်းတွင် လဲလှယ်နိုင်ပြီ
ပိုင်စိုး
·
September 17, 2017
ဟောင်းနွမ်း၊ စုတ်ပြဲငွေစက္ကူတွေကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာလည်း လဲလှယ်နိုင်ပြီလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းနဲ့ တွေ့ဆုံမေးမြန်းတဲ့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားတာပါ။ ၁ ကျပ်တန်ကနေ ၁ သောင်းတန်အထိ ငွေစက္ကူတွေမှာ မျက်နှာစာ တစ်ဖက်မှာ အင်္ဂလိပ် ဒါမှမဟုတ် မြန်မာအက္ခရာနဲ့ ဂဏန်း အပြည့်အစုံပါပြီး မျက်နှာပြင်ဧရိယာ သုံးပုံနှစ်ပုံရှိတဲ့ ငွေစက္ကူတွေအပြင် ထက်ဝက်ကျော်တဲ့ ငွေစက္ကူတွေကိုပါ ဒီနှစ်ဘဏ္ဍာရေးနှစ်ကစပြီး အမြဲတမ်း လက်ခံလဲလှယ်ပေးဖို့ ဘဏ်တွေကို အကြောင်းကြားထားတယ်လို့ ဦးအောင်ကျော်သန်းက ပြောပါတယ်။ ဟောင်းနွမ်း၊ စုတ်ပြဲ၊ ဆီစွန်း၊ ဓာတ်ဆေး၊ ဆိုးဆေးစွန်းထားတဲ့ မျက်နှာပြင်ထက်ဝက် ကျော်တဲ့ ငွေစက္ကူတွေကို ကျောဘက်မှာ စက္ကူ ဒါမှမဟုတ် Cello Tape ကပ်ဖို့မလိုဘဲ လက်ခံ လဲလှယ်ပေးနေတယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ အခုစနစ်မှာ ထူးခြားတာကတော့ နံပါတ်မတူတဲ့ ထက်ဝက်ပြတ်ငွေစက္ကူနှစ်ခုကို ဆက်စပ်ထားရင်လည်း လဲပေးနေတာပါ။ လဲပေးတဲ့နေရာတွေကတော့ ဗဟိုဘဏ်ရဲ့ ငွေစက္ကူလဲလှယ်ရေး ကောင်တာတွေမှာ တိုက် ရိုက်လဲလှယ်ပေးတာအပြင် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဘဏ်ခွဲတွေ၊ ပုဂ္ဂလိက ဘဏ်တွေမှာ ၅ ကျပ်တန်ကနေ ၅၀၀ တန်အထိ လဲပေးနေပါတယ်။ ဗဟိုဘဏ် ကောင်တာတွေမှာ တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ဘဏ်လုပ်ငန်းချိန်အတွင်း၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲတွေနဲ့ ပုဂ္ဂလိကဘဏ်ခွဲတွေမှာက ဗုဒ္ဓဟူးနေ့တိုင်း မဖြစ်မနေ စိစစ်လဲလှယ် ပေးနေတယ်လို့ ဦးအောင်ကျော်သန်းက ပြောပါတယ်။ ငွေစက္ကူလဲလှယ်ချင်သူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူ၊ လျှောက်လွှာနဲ့အတူ လဲလှယ်လိုတဲ့ ပမာဏကို တင်ပြပြီး စိစစ် လဲလှယ်ပေးနေတာပါ။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ ဟောင်းနွမ်း၊ စုတ်ပြဲငွေစက္ကူ တန်ဖိုးတူ လဲလှယ်ချင်ရင်လည်း လုပ်ငန်းလိုင်စင်မိတ္တူ၊ လျှောက်လွှာနဲ့ စိစစ်လဲလှယ် ပေးနေပါတယ်။ လယ်သမားတွေရဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ရာမှာ ဟောင်းနွမ်း၊ စုတ်ပြဲငွေစက္ကူတွေ ပါဝင်နေရင် လက်ခံပေးဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေကို ဗဟို ဘဏ်ကနေ ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။ ဒီအတွက် မြို့ပေါ်မြန်မာ့စီးပွားရေးဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေအတွက် ၅၀ တန်ကနေ ၅၀၀ တန်အထိ ငွေစက္ကူအသစ်တွေ တဘဏ်ကို ကျပ်ခြောက်သန်းနှုန်းနဲ့ ခွဲတမ်းသတ်မှတ်ပြီး လစဉ်ထုတ်ပေးနေတယ်လို့လည်း ဦးအောင်ကျော်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့လက ရန်ကုန်တိုင်းက နိုင်ငံ့ဝန်ထမ်းလစာတွေမှာ တယောက်ကို ကျပ် ၈ သောင်းဖိုး ၁၀၀၊ ၂၀၀ နဲ့ ၅၀၀ တန်တစ်အုပ်စီ ထုတ်ပေးခဲ့ပြီး ဒီလမှာတော့ ပင်စင်စားဝန်ထမ်းတွေကို ဦးစားပေး ထုတ်ပေးဖို့ စီစဉ်နေတယ်လို့လည်း သူက ဆိုပါတယ်။ ချွတ်ယွင်းငွေစက္ကူတွေဖြစ်တဲ့ ထက်ဝက်ပြတ်ငွေစက္ကူတွေ၊ မူလ အရွယ်အစား အတိုင်းရှိပေမယ့် နှစ်ပိုင်း ဒါမှမဟုတ် အပိုင်းပိုင်းဆက်စပ်ထားတဲ့ ငွေစက္ကူတွေ၊ ဆွေးမြည့်၊ မီးလောင်၊ ဓာတ်ဆေးထိ၊ ပိုးမွှားကိုက်နဲ့ အခြားအကြောင်းတွေကြောင့် ချွတ်ယွင်းပျက်စီးနေတဲ့ ငွေစက္ကူတွေ၊ သွင်ပြင်လက္ခဏာ အရောင်အဆင်းထင်ရှားမှု မရှိတဲ့ ငွေစက္ကူတွေကိုတော့  ဗဟိုဘဏ်ငွေလဲလှယ်ရေးကောင်တာ တွေမှာ လဲလှယ်နိုင်ပါတယ်။ မီးလောင်၊ ခြကိုက်၊ ဆွေးမြည့်စတဲ့ ငွေစက္ကူတွေကိုတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာပဲ လဲလို့ရပြီး ကိုယ်တိုင်လျှောက်လွှာနဲ့အတူ ပိုင်ဆိုင်တဲ့ ငွေစက္ကူတွေပါဝင်သွားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ထောက်ခံချက် (မူရင်းတွေ)၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် (မိတ္တူတွေ) ပူးတွဲပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနဲ့ မန္တလေး ဘဏ်ခွဲတွေကိုလိပ်မူပြီး ပိုင်ရှင်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ဖြစ်စေ လျှောက်ထားရမယ်လို့ ဆိုပါတယ်။ လိပ်မူရမယ့် လိပ်စာတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရုံး အမှတ် ၅၅၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသိရီ မြို့နယ်၊ နေပြည်တော်ခရိုင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အမှတ် ၁၉၈ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မန္တလေး ဘဏ်ခွဲ၊ ၂၆  လမ်းနဲ့ ၈၂ လမ်းထောင့်၊ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ ၁ အဆောက်အအုံ ပထမထပ်၊ မန္တလေးမြို့တို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024