Home
ဆောင်းပါး
အမျိုးသမီးနှင့် HIV
DVB
·
September 16, 2017
တနေ့တွင် မမေခင် ဆေးခန်းအတွင်း ဝင်ရောက်လာခဲ့သည်။ သူမနှင့်အတူ လူငယ်တဦး ပါလာရာ တူတော်သူ မောင်လှဖေ ဖြစ်နေကြောင်း သိရသည်။ လူနာဖြစ်သူ မောင်လှဖေအား စမ်းသပ်ခုံပေါ်တက်၍ လဲလျောင်းစေလိုက်သည်။ ပုဆိုးကို လှန်လိုက်သောအခါ ဘယ်ဘက် တင်ပါး၊ ပေါင်၊ ခြေသလုံးတလျှောက် ပျံ့နှံ့နေသော ဆင်ရေယုန် ကူးစက်မှုကို တွေ့မြင်နေရသည်။ ''မေခင် ကျမကို ဖုံးကွယ်မထားဘဲ မှန်မှန်ပြောစေချင်တယ်'' မေခင်က သူမ လက်မောင်းကို ဆန့်ပြီး လက်ညှိုးဖြင့် အကြောထဲ ဆေးသွင်းပုံ လုပ်ပြနေသည်။ မောင်လှဖေသည် အကြောထဲ မူးယစ်ဆေး ထိုးသွင်းသုံးစွဲနေသူ ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် မောင်လှဖေ သွေးကို အိပ်ခ်ျအိုင် HIV ပဋိပစ္စည်းအတွက် စစ်ဆေးရန် ရေးသားပေးလိုက်သည်။ အဖြေရသောအခါ မေခင် တစ်ယောက်တည်း လာရန် မှာကြားလိုက်သည်။ နောက်တနေ့တွင် မေခင် ရောက်လာရာ မောင်လှဖေ၏ သွေးအတွင်း အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်း တွေ့ရှိကြောင်း အဖြေပါလာသည်။ မောင်လှဖေအကြောင်း မေးမြန်းစုံစမ်းရပါတော့သည်။ မောင်လှဖေသည် အစ်ကို တဝမ်းကွဲ၏သား ဖြစ်သည်။ ကျောင်းသားဘဝ အသက် ၁၄ နှစ်က စတင်ပြီး မူးယစ်ဆေးဝါး သုံးစွဲနေသူ ဖြစ်သည်။ ပထမ နံပါတ်ဖိုးကို စီးကရက်အတွင်း ထည့်ရှူခဲ့ရာမှ အကြောထဲ ထိုးသွင်း အသုံးပြုလာခဲ့သည်။ ယခု သူ့အသက်မှာ ၂၄ နှစ်ဖြစ်၍ မူးယစ်ဆေး အသုံးပြုနေခြင်းမှာ ၁ဝ နှစ်ကြာခဲ့ပြီ ဖြစ်သည်။ အသက် ၂၂ နှစ်တွင် ချစ်သူနှင့် အိမ်ထောင်ကျခဲ့သည်။ သားတစ်ယောက် ထွန်းကားခဲ့ရာ ယခု သုံးလအရွယ် ဖြစ်နေ ပေပြီ။ သွေးအဖြေကို သိသိချင်း မောင်လှဖေက သူ့ဘဝတော့ မထူးသဖြင့် မူးယစ်ဆေးကို ပြန်လည် အသုံးပြုရန် တကဲကဲ ဖြစ်နေကြောင်း သိရသည်။ မောင်လှဖေအား နှစ်သိမ့်ဆွေးနွေး ပညာပေးရန်နှင့် ဆေးကုသချက် ပေးလိုပေးငြား ကူးစက်ဆေးရုံသို့ စာရေးလွှတ်လိုက်သည်။ Acyclovin ဆေးသောက်သုံးခြင်းဖြင့် ဆင်ရေယုန် ပျောက်ကင်းသွားကြောင်း သိရသည်။ ခုနစ်လ ကြာသောအခါ မေခင်တယောက် အမျိုးသမီးငယ်တဦးနှင့် ရောက်လာပြန်သည်။ ယင်းအမျိုးသမီးမှာ မောင်လှဖေ၏ ဇနီး 'စိမ်း' ဖြစ်ကြောင်း သိရသည်။ စိမ်း ခံစားနေရသော ဝေဒနာမှာ ခန္ဓာကိုယ်တကိုယ်လုံး အရေပြားပေါ်တွင် အနာအဆာများ ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေသည်မှာ သုံးလ ကြာမြင့်ပြီ ဖြစ်သည်။ အနာအဆာအချို့နှင့် အမာရွတ်များ အရေပြားပေါ်တွင် ကျန်ရှိနေသေးသည်။ “မေခင်... စိမ်း ဖြစ်နေတာက ရှင်းနေပြီ။ မောင်လှဖေလိုပဲ သွေးစစ်ဖို့ ရေးပေးလိုက်မယ်။ အဖြေရရင် အသိပေးနော်'' စိမ်း၏ သွေးထဲမှာလည်း အိပ်ခ်ျအိုင် ဗွီပဋိပစ္စည်းများ တွေ့ရှိနေရာ ကူးစက် ဆေးရုံသွား ကုသမှုခံယူကြောင်း သိရသည်။ စိမ်း၏ အသက်မှာ ၂၃ နှစ်သာ ရှိသည်။ စိမ်းကဲ့သို့ပင် ယောက်ျားများထံမှ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသမီးများအကြောင်း ထပ်ဆင့် တင်ပြလိုပါသေးသည်။ တင်တင်မှာ အသက် ၁၆ နှစ်ဖြစ်ပြီး အလွန်ပုသော အမျိုးသမီး ဖြစ်သည်။ အသက် ၁၃ နှစ်တွင် ခိုးရာလိုက်ပြေးပြီး အိမ်ထောင်ကျခဲ့သည်။ သမီးတယောက် မွေးပြီး လအနည်းငယ် ကြာသောအခါ ယောက်ျားဖြစ်သူက ပစ်သွားခဲ့သည်။ ကုသိုလ်ဖြစ်ဆေးရုံသို့ ရောက်ရှိလာခြင်းမှာ ဝမ်းဖောခြင်း ငါးရက်နှင့် အရေပြားပေါ်တွင် မှိုရောဂါကူးစက်နေ၍ ဖြစ်သည်။ Fung us Infection ဆေးရုံရောက်ပြီး ရက်အနည်းငယ်အတွင်း ပါးစပ်အတွင်း မှက္ခရု Thrush ဖြစ်ပွားလာသည်။ သံသယဖြစ်လာ၍ သွေးစစ်ဆေးလိုက်သောအခါ သွေးထဲ အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်း တွေ့နေပေပြီ။ ထိုအခါမှ ခင်ပွန်းအကြောင်း စုံစမ်းမေးမြန်းရမည်။ သူမက မသိရှာ။ အိမ်နီးချင်းများ ပြောပြချက်အရ သိရသည်မှာ တင်တင်၏ ယောက်ျားမှာ မိန်းမလျာ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ ထို့ကြောင့် တင်တင်၏ ယောက်ျားမှာ လိင်တူ ဆက်ဆံဖူးမည် ဖြစ်ကြောင်း ယူဆရသည်။ တင်တင်ခမျာမှာ ခင်ပွန်းထံမှ ကူးစက်ရရှိသော ရောဂါဖြစ်ကြောင်း ထင်ရှားနေသည်။ ယောက်ျားပစ်သွားပြီး နောက်ပိုင်း အိမ်နီးနားချင်းများက စောင့်ရှောက်ထားခဲ့သည်။ တောမှဖြစ်၍ ဆွေမျိုးများထံ အကြောင်းကြားထားကြောင်း သိရသည်။ သူတို့က တင်တင့်ကို ဆက်၍လက်ခံမထားလိုကြပေ။ ကုသိုလ်ဖြစ်ဆေးရုံ သားဖွားမီးယပ်  ပြင်ပဌာနသို့ 'မညို' ရောက်ရှိလာရာတွင် မိန်းမအင်္ဂါစပ်တွင် ယဉ်းသောအနာနှင့် ဖြစ်သည်။ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးက သံသယရှိ၍ သွေးစစ်လိုက်သည်။ မညို၏ သွေးထဲတွင် အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်းများ တွေ့နေရသော်လည်း ကာလသားရောဂါအတွက် သွေးစစ်ချက်မှာ ရောဂါ မတွေ့ရပေ။ အိပ်ခ်ျအိုင်ဗွီ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဆိုသည်များကို မညိုသည် ကြားဖူးနားဝ မရှိရှာပေ။ မညိုသည် မြန် မာပြည်အလယ်ပိုင်း မြို့တမြို့နှင့်နီးသော ရွာက ဖြစ်သည်။ ပထမအိမ်ထောင်နှင့် သားတယောက် ထွန်းကားခဲ့သည်။ ခင်ပွန်းမှာ ပိုးထိ၍ သေဆုံးသွားခဲ့သည်။ အသက် ကိုးနှစ်သားကို ကိုရင်ဝတ်စေပြီး ဘုန်းကြီးကျောင်းတွင် ထားခဲ့သည်။ မညိုသည် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အိမ်ဖော်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ အိမ်ရှင် ခိုင်းစေချက်အရ ပြင်ပသို့ သွားရောက်ရသည်လည်း ရှိသည်။ ထိုအခါ လက်ရှိဒုတိယခင်ပွန်းနှင့် တွေ့ပြီး အိမ်ထောင်ပြုခဲ့သည်။ ခင်ပွန်းမှာ ညစောင့် ဖြစ်သည်။ တခါတရံ မိန်းမရွှင်နှင့် ပျော်ပါးတတ်ကြောင်း နောက်မှ သိရသည်။ မညို၏ ခင်ပွန်း ကျန်းမာရေး အခြေအနေမှာ မကောင်းလှပေ။ နာတာရှည် ဖျားနာမှုနှင့် ဝမ်းလျှောနေခြင်းကြောင့် ပိန်လှီနေပြီး အိပ်ရာထဲ လဲနေ၍ သေခါနီး အခြေအနေဖြစ်ကြောင်း သိရသည်။ မညို၏ အသက်မှာ ၃၂ နှစ်ရှိပေပြီ။ ခင်ပွန်းနှင့် နောက်ဆုံး လိင်ဆက်ဆံခဲ့ခြင်းမှာ သုံးလကြာခဲ့ပြီ ဖြစ်သည်။ ဒေါ်သန်းရှင်မှာ အသက် ၅၁ နှစ် ရှိပြီး ဖျားခြင်း၊ ဝမ်းဖောခြင်းနှင့် ကိုယ်အလေးချိန် လျော့နည်းကျလာခြင်းမှာ တလကြာခဲ့ပြီးမှ ကုသိုလ်ဖြစ် ဆေးရုံသို့ ရောက်လာသူ ဖြစ်သည်။ ဆေးရုံရောက် ပြီး ရက်အနည်းငယ် ကြာသောအခါ ပါးစပ်အတွင်း မှက္ခရုများ ဖြစ်လာသည်။ မုဆိုးမ ဖြစ်ပြီး သမီးနှင့် အတူနေရာ အခြားအိမ်ထောင်ကွဲ သားသမီးများကလည်း ထောက်ပံ့နေသဖြင့် အေးချမ်းစွာ ပူပင်သောကကင်းစွာ နေရသူ ဖြစ်သည်။ မထင်မှတ်ဘဲ ပါးစပ်အတွင်း မှက္ခရု ဖြစ်ပွားလာမှသာ သွေးကို စစ်ဆေးကြည့်လိုက်ခြင်း ဖြစ်သည်။ သွေးအတွင်း အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်းများ တွေ့နေပေပြီ။ မည်သည့် အကြောင်းကြောင့် ဆိုသည်ကို ဆရာဝန်များ အတွေးရခက်နေကြသည်။ ထိုအခါ ဒေါ်သန်းရှင် သွားလာနေထိုင် ပုံအပြုအမူနှင့် အလေ့အကျင့်များကို စူးစမ်းမေးမြန်းရပါတော့သည်။ အားဆေး Burples, B12, Glucose  ကို အကြောထဲ ထိုးသွင်းမှ အားပြည့်လာပြီး နေထိုင်ကောင်းသွားကြောင်း ဒေါ်သန်းရှင်က ယူဆထားသည်။ ယင်းသို့ လစဉ် နှစ်ခါ၊ သုံးခါ အကြောဆေးထိုးနေခြင်းမှာ အနှစ် ၂ဝ မှ ၂၅ နှစ်ရှိပြီဟု သိရသည်။ ဖန်ထည်ဆေးထိုးပြွန်နှင့် အပ်ကို ရေနွေးတွင်ပြုတ်ပြီး ပြန်လည်အသုံးပြုခြင်း ကာလကို မီခဲ့သူ ဖြစ်သည်။ တခါသုံး ပလာစတာ ပြွန်တိုင်နှင့် အပ်ကို အသုံးပြုခြင်းကိုလည်း ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည်။ ယခုတိုင် အသုံးပြုပြီးသော ဖန်ထည့်ပြွန်နှင့် အပ်ကို ပြန်လည်ပြုတ်ပြီး အသုံးပြုနေသည့် ဆရာဝန်များနှင့် ဆေးထိုးဖူးသူ ဖြစ်သည်။ ဒေါ်သန်းရှင် အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ကူးစက်ရရှိသွားခြင်းမှာ အားဆေးကို အကြောထဲထိုးသွင်းခြင်း အလေ့အကျင့်၏ ရလဒ်ဟုဆိုလျှင် မမှားနိုင်ပေ။ ရန်ကုန်နှင့် နေ့ချင်းပြန်နိုင်သော မြို့မှ လာရောက်သူမှာ နီနီ ဖြစ်သည်။ အသက်မှာ ၃၈ နှစ် ဖြစ်သည်။ ဘယ်ဘက်ခါးတွင်း နာကျင်ကိုက်ခဲသော ဝေဒနာခံစားမှုမှာ နှစ်လရှိပေပြီ။ ကိုယ်အလေးချိန် လျော့နည်းကျဆင်းလာပြီ အဖျားလည်း ဝင်တတ်သည်။ ဖြူဖပ်ဖြူရော်နှင့် သွေးအားနည်းလက္ခဏာလည်း ရှိသည်။ ဗိုက်ပေါ်မှ စမ်းကြည့်သောအခါ ဘယ်ဘက်ခါး အပေါ်တွင်ရှိသော နေရာတွင် အလုံးစမ်းတွေ့သည်။ အသံလွန်လှိုင်းကိရိယာဖြင့် ရုပ်ပုံဖော် စစ်ဆေးခြင်း (USG) လုပ်ကြည့်သောအခါ ဘယ်ဘက်ကျောက်ကပ် အောက်ပိုင်းတွင် ပြည်တည်အနာ တွေ့ရှိသည်။ စိတ်ဝင်စားစရာကောင်းသောရောဂါ ဖြစ်နေ၍ ဆီးနှင့် ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးထံ စာရေး၍ စမ်းသပ်ခ ကုန်ကျငွေကိုပါ ပေးပြီး စေလွှတ်လိုက်သည်။ မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ - သွေးအားနည်းခြင်း တွေ့ရ၍ ဟီမိုဂလို ဘင် Hb စစ်ဆေးပါ။ - သွေးအနည်ထိုင်နှုန်း ESR စစ်ဆေးပါ။ - အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်အတွက် သွေးစစ်ဆေးပါ။ အဖြေမှာ - - ဟီမိုဂလိုဘင် = ၆.၅ ဂရမ်သာ ရှိသည် - ESR = မြင့်တက်နေသည် - အိပ်ခ်ျအိုင်ဗီ ပဋိပစ္စည်း တွေ့သည်။ (HIV+) နီနီ၏ အိမ်ထောင်ရေး ရာဇဝင်ကို မေးမြန်းရသည်။ နီနီသည် အသက် ၂၆ နှစ်တွင် သူမထက်ငယ်သော အသက် ၁၉ နှစ်ရှိ ယောက်ျားနှင့် အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်သက် ၉ နှစ်တွင် သားနှစ်ယောက် ရရှိခဲ့ပါသည်။ သားအငယ် ၃ နှစ်အရွယ်တွင် ခင်ပွန်း ကွယ်လွန်သွားခဲ့သည်။ အဆုတ်တွင် တီဘီအဆုတ်နာရောဂါဖြင့် ပိန်းချုံးကျ၍ သေဆုံးသွားခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ ပွဲစားဖြစ်၍ ချဲဒိုင်တွင် အစုပါဝင်ထားသည်။ ချဲနိုင်လျှင် သူငယ်ချင်းများနှင့် အတူသောက်စား ပျော်ပါးတတ်သည်ဟု ဆိုသည်။ ပျော်ပါးတတ်သည် ဆိုမှတော့ မိန်းမရွှင်နှင့် လိင်ဆက်ဆံမှု ရှိမည်မှာ မလွဲပေ။ မုဆိုးမအဖြစ် တနှစ်သာနေပြီး ဒုတိယယောက်ျားနှင့် အိမ်ထောင်ကျခဲ့သည်။ တနှစ်ကျော် ကလေးတယောက် ရှိကြောင်း သိရသည်။ ဒုတိယခင်ပွန်းမှာလည်း သူမနှင့် အသက်ငယ်သူ လူပျိုဖြစ်သည်။ အရက် မသောက်တတ်ပေ။ ကျန်းမာပြီး အရောင်းအဝယ် လုပ်သည်ဟု ဆိုပါသည်။ နီနီမှာ ရောဂါကူးစက်ခံရမှုမှာ ပထမခင်ပွန်းထံက ဖြစ်ကြောင်း ထင်ရှားနေသည်။ နီနီ ခံစားနေရသော ရောဂါအကြောင်း ရှင်းလင်းဆွေးနွေးပြီး ပညာပေးရပါသည်။ နီနီသည် ခုခံအားကျဆင်းကူးစက်ရောဂါ AIDS ကို ကြားဖူး သိသူ ဖြစ်သည်။ နီနီ၏ခင်ပွန်းကို ရောဂါကူးစက်ခြင်း မရှိစေရန် အနေအထိုင် ဆင်ခြင် ရှောင်ကြဉ်အပ်ရာများကို လက်ကမ်းစာစောင်အဖြစ် ဆေးရုံမှ ပြုစုထားချက်ကိုပါ ပေးလိုက်ပါသည်။ ခင်နှင်းဖြူမှာ ဒုတိယကိုယ်ဝန်ဆောင်ထားစဉ် အချင်းရှေ့ရောက်ကြောင်း မမွေးမီ သွေးလွန်၍ အရေးပေါ် ဗိုက်ခွဲစိတ် မွေးဖွားခဲ့ရသည်။ သွေးနှစ်ပုလင်းသွင်း ကုသခဲ့ရသည်။ ငါးနှစ်ကြာသောအခါ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်လာခဲ့သည်။ မသန့်ရှင်းသော သွေးသွင်းကုသမှုကြောင့် ဖြစ်သည်။ ခင်နှင်းဖြူ ဗိုက်ခွဲစိတ် မွေးဖွားစဉ် တိုင်းဆေးရုံတွင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ရောက်ရှိလာပြီး ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးများရှိ သွေးလှူဘဏ်များတွင် အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်းများ စစ်ဆေးစပြုနေပြီ။ တိုင်းဆေးရုံကြီးများအထိ  ပျံ့နှံ့စွာ စစ်ဆေးနိုင်ခြင်း မရှိသေးသည့် ကာလက ဖြစ်ခဲ့သည်။ ကမ္ဘာတဝန်းလုံးတွင် ဖြစ်ပွားသော အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုမှာ ကပ်ရောဂါကြီးအသွင် ဖြစ်လာသည်။ ယင်းဖြစ်ရပ်၏ ရလဒ်မှာ ... - ယခင်က မဖြစ်ဖူးသေးသော မသိသေးသော ရောဂါဖြစ်ပွားမှု - ရှုပ်ထွေး၍ အကုန်အကျများသော ဆေးကုသ ပြုစုစောင့်ရှောက်မှု - စီးပွားရေး ထွက်ကုန်များ လျော့နည်း ကျဆင်းလာမှု - များပြားသော သွယ်ဝိုက်သည့် လူမှုအ ဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေမှုတို့ ဖြစ်သည်။ ခုခံအား ကျဆင်းမှုကူးစက်ရောဂါ AIDS သည် ညီမျှသော အခွင့်အရေးပေးသည့် ရောဂါမဟုတ်ကြောင်း ထင်ရှားလှသည်။ ၁၉၈၁ ခုနှစ်တွင် လူကြီးနှင့် ဆယ်ကျော်သက်များ စုစုပေါင်း ၆၅ဝ,ဝဝဝ ရောဂါဖြစ်ပွားခံစားနေရာ ၁၆ ရာခိုင်နှုန်းသာလျှင် အမျိုးသမီးများ ဖြစ်ကြသည်။ အမျိုးသားများထက် အမျိုးသမီးများသည် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်မှု သို့မဟုတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်ဖို့ရာမှာ နည်းပါးကြောင်း ဟူသည့်အချက်ကပင် ဆရာဝန်များအဖို့ ရောဂါဖော်ဆောင်ရာတွင် လွဲချော်သွားစေတတ်သည်။ ထို့ပြင် အမျိုးသမီးများ ဖြစ်နိုင်ခြေ အန္တရာယ်မှာလည်း နည်းကြောင်း ယူဆကြသည်။ အမျိုးသမီးများအဖို့ ဘေးအန္တရာယ်သည် အစစ်အမှန် ရှိနေသည်။ မူမမှန် လိင်ဆက်ဆံခြင်းအရ ထိတွေ့မှု Heter -osexual Contact သည် အမျိုးသားများထက် အမျိုးသမီးများ၌ ဗိုင်းရပ်စ်ပိုး ထိတွေ့မှုသည် အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းများ သွေးအတွင်း ဖြစ်ပေါ်လာစေရန် ပို၍အန္တရာယ်မြင့်မားကြောင်း တွေ့ရသည်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးကူးစက်မှုကို စောစွာသိရှိရန် အရေးကြီးသည်။ စောစွာ သိရှိနိုင်သည်နှင့်အမျှ- - စောစွာကုသမှုကို ပေးနိုင်၍ ဗိုင်းရပ်စ် တိုးပွားမှုကို ဟန့်တားနိုင်သည်။ - ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS အဖြစ်သို့ တိုးတက်ဖြစ်ပွားသွားခြင်းကို နှေးကွေးစေနိုင်သည်။ - အခါအခွင့် သင့်လျော်စွာ ကူးစက်ဝင် ရောက်လာသော ပိုးများအတွက် သတိပေးခြင်းနှင့် ကာကွယ်သည့်သဘော ကုသမှုပေးနိုင်သည်။ - အမျိုးသမီးများတွင် အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်မှုကို စောစီးစွာ သိရှိခြင်း၏ အရေးကြီးဆုံးသော အကျိုးသက်ရောက်မှုမှာ သန္ဓေသားနှင့် မွေးကင်းစ ကလေးငယ်သို့ ကူးစက်နိုင်ခြေကို ကာကွယ်နိုင်သည်။ အချိန်ကိုက် Zidovudine ဆေးကုသချက် ပေးခြင်းဖြင့် မွေးကင်းစကလေးသို့ ကူးစက်မှုအန္တရာယ်ကို သုံးပုံနှစ်ပုံအထိ လျော့နည်းသွားစေနိုင်သည်။ ဗိုက်ခွဲစိတ်မွေးဖွားခြင်းဖြင့် ပေါင်းစပ်လိုက်ပါက ပို၍ အကျိုးဖြစ်ထွန်းစေသည်။ - နောက်ဆုံး၌ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်နေသော လူနာများကို အန္တရာယ် ရှိသော အပြုအမူများ ပြောင်းလဲသွားစေရန် ပညာပေးခြင်းကြောင့် အခြားလူများသို့ ရောဂါကူးစက် ပြန့်ပွားမှုကို လျော့နည်းသွားစေနိုင်သည်။ အိပ်ခ်ျအိုင်ဗွီကို သံသယဖြစ်မှု တိုးတက်စေခြင်းဖြင့် တိုက်ခိုက်နိုင်မှ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကူးစက်ပြန့်ပွားခြင်းကို တိုတောင်း ဖြတ်တောက်နိုင်မည် ဖြစ်သည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖော်ဆောင်မှုနှုန်းမှာ ပုံမှန် ကျဆင်းလာသော်လည်း တိုးတက်ဖြစ်ပွားခြင်းတွင် အမျိုးသမီးများက အတိုင်းအတာမှာ ကြီးမားလာကြောင်း တွေ့ရသည်။ ယခင်ကထက် အမျိုးသမီးများတွင် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပိုလာကြောင်း တွေ့ရသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လမှ ၁၉၉၈ ခုနှစ် ဇွန်လအထိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ လူနာသစ် ၅၄,၄ဝ၇ ယောက်ရှိရာ ယခင် ၁၂ လနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း လျော့နည်းကျဆင်းလာသည်။ အမျိုးသားများတွင် ၁၆ ရာခိုင်နှုန်း ကျဆင်းလာသော်လည်း အမျိုးသမီးများတွင် ရှစ်ရာခိုင်နှုန်းသာ ကျဆင်းလာကြောင်း တွေ့ရသည်။ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုမှာ အမျိုးသားနှင့် အမျိုးသမီးများတွင် လူမျိုးအရ ခြားနားချက် ရှိကြောင်း တွေ့ရသည်။ ၁၉၉၇ ခုနှစ်တွင် ... - အမျိုးသမီးများ ခုခံအားကျဆင်းမှု ကူး စက်ရောဂါ ဖြစ်ပွားမှုတွင် ၅၆ ရာခိုင်နှုန်း မှာ အာဖရိက၊ အမေရိကန် လူမျိုးများ ဖြစ်သည်။ ၂၂ ရာခိုင်နှုန်းမှာ လူဖြူများ ဖြစ်သည်။ ရာခိုင်နှုန်းမှာ ဟစ်ပန်နစ် လူ မျိုးများ ဖြစ်သည်။ - အမျိုးသားများ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်ပွားမှု ၃၂ ရာခိုင်နှုန်းမှာ အာဖရိက အမေရိကန်လူမျိုးများ ဖြစ်ကြသည်။ ၄၉ ရာခိုင်နှုန်းမှာ လူဖြူများ ဖြစ်ကြပြီး ၁၈ ရာခိုင်နှုန်းမှာ ဟစ်ပန်နစ်လူမျိုးများ ဖြစ်ကြသည်။   အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ကူးစက်မှုတွင် ပုံမှန်နှင့် ပုံမှန်မဟုတ်သော လိင်ဆက်ဆံမှုကြောင့် အန္တရာယ်ပြုနိုင်သော အချက်များ အန္တရာယ်ပြုနိုင်သောအချက်များ မရှိသေးသော်လည်း မကြာခဏ ရောဂါကူးစက်နိုင်ကြောင်း တွေ့ရသည်။ ၈၂ ယောက်သော ပိုးဝင်ရောက် ကူးစက်နေသူ အမျိုးသမီးများတွင် ၄ဝ ရာခိုင်နှုန်းမှာ စအိုမှ လိင်ဆက်ဆံခြင်းကို လုံးဝမပြုခဲ့ပေ။ ၁၉ ယောက်သော ပိုးဝင်ရောက် ကူးစက်နေသော အမျိုးသားများတွင် ၈ ရာခိုင်နှုန်းမှာ အဖော် မီးယပ်ပေါ်နေစဉ် လိင်ဆက်ဆံမှု လုံးဝမပြုခဲ့ပေ။ မကြာခဏ ရှေ့ပြေးနိမိတ်အရ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမှာ ရုတ်ခြည်း ဖြစ်လာသည့် မတိကျသော ရီထရို ဗိုင်ရယ်လ် လက္ခဏာစုအားဖြင့် ဖြစ်ပေါ်လာတတ်သည်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့်ဖြစ်သော မကျန်းမာမှုနှင့် တူညီသည်။ သို့သော် စောစွာဖြစ်လာသည့် လက္ခဏာများအရ ရောဂါဖော်ဆောင်ရာ၌ နည်းလှကြောင်း တွေ့ရသည်။ ရောဂါတိုးတက်လာမှသာလျှင် အိပ်ခ်ျအိုင်ဗွီ၏ ထင်ရှားသိသာလွယ်သော လက္ခဏာများ ပေါ်လာပေရာ ကံမကောင်းဝမ်းနည်းစရာ ဖြစ်နေသည်။ အခြေခံ ရီထရိုဗိုင်ရယ်လ် ကူးစက်မှု၏ သဲလွန်စမှာ ဖြစ်မြဲဖြစ်နေသော သို့မဟုတ် မထူးခြားသော အခြေ အနေသည် ဆိုးရွားလာခြင်း ဖြစ်သည်။ ဥပမာ - - ယီးစ် Yeast မှု ကူးစက်မှု ဆိုးလာခြင်း - Psoriasis နာတာရှည် အရေပြားရောင် ရမ်းခြင်းကြောင့် ငါးအကြီးခွံကဲ့သို့ အရေပြား ထူလာခြင်း - Lymphadenopathy အကျိတ်များ ရောင်ရမ်းကြီးထွားလာခြင်းတို့ ဖြစ်သည်။   အိပ်ခ်ျအိုင်ဗွီနှင့် အေးဒ်စ် ဖြစ်စဉ်မှာ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီကြသည်။ ထူးခြားချက်မှာ အမျိုးသမီးများတွင် ချွဲမြှေးတွင် ကန်ဒီဒါမှိုကူးစက်မှုလို ဖြစ်သည်။ ကပိုစစ်စာကိုးမာ Kaposis Sarcoma  ကင်ဆာတမျိုးနှင့် ကရစ်ပ်တိုကော့ကာစ် ကူးစက်မှု Ryptococcus Infection ဖြစ်နိုင်ခြေမှာ နည်းလှသည်။ ရောဂါရင့်လာသောအခါ အမျိုးသမီးများတွင် ဗက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများသည် ကန်ဒီဒါမှို ကူးစက်မှုလည်း များသည်။ ရုတ်ခြည်းဖြစ်လာသော ရီထရိုဗိုင်ရယ်လ် လက္ခဏာစု အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ထိတွေ့ဝင်ရောက်ကူးစက်မှု ဖြစ်ပြီး တပတ်မှ ခြောက်ပတ်အတွင်း ယင်းလက္ခဏာစုများ ဖြစ်ပွားခြင်းမှာ ၄ဝ မှ ၆ဝ ရာခိုင်နှုန်း ရှိသည်။ အစ၌ ဖြစ်သော လက္ခဏာများ ပေါ်ပေါက်ပြီး ခြောက်လတိုင် သွေးအတွင်း အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပဋိပစ္စည်းများ မတွေ့ရတတ်ပေ။ ယင်းလက္ခဏာစုအရ ရောဂါဖော်နိုင်စွမ်း ဖြစ်နိုင်ပေရာ ၂ဝ မှ ၃ဝ ရာခိုင်နှုန်းသော လူနာများသာ စောစွာ ပြသသည့် လက္ခဏာများအတွက် ဆေးကုသမှုခံယူရန် အကူအညီ ရှာဖွေတတ်၍ အလွန် ဝမ်းနည်းဖွယ်ရာ ဖြစ်နေသည်။ အများအပြား တွေ့ရသော လက္ခဏာများမှာ- မိုနိုနယူကိုစစ်'လို မကျန်းမာမှု (Mononucleosis Like Illness) - အဖျားတက်ခြင်း၊ အကျိတ်များ ရောင်ရမ်းကြီးထွားလာခြင်း၊ နေမထိထိုင်မသာ ဖြစ်ပြီး စိတ်မချမ်းမြေ့ခြင်း၊ အာခေါင်ရောင်ခြင်း၊ အသည်းနှင့် သရက်ရွက် ကြီးလာခြင်း - အရိုးအဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ခြင်း - အင်ပျဉ်ထွက်ခြင်း - ပျို့ခြင်း၊ ခံတွင်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း - ဝမ်းဖောခြင်း - လင်ဖိုဆိုက် သွေးဖြူဥအရေအတွက် နည်းခြင်း - သွေးအဆိပ် မဖြစ်စေသော ဦးနှောက်အမြှေးရောင်ခြင်း Aseptic Meningistis တို့ ဖြစ်သည်။ နည်းပါးစွာ တွေ့မြင်ရသော လက္ခဏာများ -  ဦးနှောက်ရောင်ရမ်းခြင်း - နယူမိုစစ်တစ် ဂရီနီအိုင်ကြောင့် အဆုတ်ရောင်ခြင်း Pneumocystic Carini Pneumonia - ဂင်လ်လိန် ဘယ်ရီစင်ဒရုန်းGuillain Barre Syndrome ရုတ်ခြည်း အာရုံကြောများ ရောင်ရမ်းလာခြင်းကြောင့် ပျံ့နှံ့စွာ ကြွက်သားများ အားနည်းလာခြင်းတို့ ဖြစ်သည်။ ချွဲမြှေးနှင့် အရေပြားတို့တွင် ထင်ရှားမြင်သာသော ပျက်ယွင်းချက်များ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးနှင့် ဆက်နွှယ်နေသော မကျန်းမာမှုကြောင့် သွေးအတွင်း ပဋိပစ္စည်းများ တွေ့ရှိနေသည့် အမျိုးသမီးများသည် ဆေးကုသမှုခံယူရန် လာကြသည်ကို တွေ့ရသည်။ ကန်ဒီဒါမှို ကူးစက်မှု ၉ဝ ရာခိုင်နှုန်းကျော်သော အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်နေသည့် လူနာများတွင် အစပြုသော လက္ခဏာ ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်နှင့် ဆက်နွှယ်နေသော လက္ခဏာများအဖြစ် အစာမျိုပြွန်နှင့် ယောနိ(မွေးလမ်းကြောင်း)တွင် ကန်ဒီဒါမှို ကူးစက်မှုမှာ အမျိုးသမီးများတွင် ၄၈ ရာခိုင်နှုန်းမျှ ရှိသည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် မကျန်းမာမှုဖြစ်လာရာတွင် အစာမျိုပြွန် ကန်ဒီဒါမှိုကူးစက်ခြင်းမှာ ကြိမ်ဖန်များစွာ အမျိုးသမီးများတွင် တွေ့ရှိရသည်ဟု လေ့လာချက်များက ဆိုကြသည်။ လက္ခဏာများတွင် အစာမျိုရခက်ခြင်းနှင့် ရင်ဘတ်ရိုးပြား အနောက်ဘက်တွင် ပူစပ်ပူလောင် ခံစားချက်များ ပါဝင်သည်။ ခံတွင်းအရသာလည်း အနှောင့်အယှက် ဖြစ်သည်။ ယောနိတွင် ကန်ဒီဒါမှို ကူးစက်မှုမှာ အမျိုးသမီးများတွင် အများဆုံး တွေ့ရှိရသည်။ မကြာခဏဆို ပြန်ဖြစ်သော မိန်းမအင်္ဂါစပ် ယောနိမှိုကူးစက်မှု ရှိသူတိုင်းအား သွေးအတွင်း အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်းများအတွက် စစ်ဆေးသင့်သည်။ ဆီးချို၊ သွေးချိုရောဂါနှင့် ပဋိဇီဝ သို့မဟုတ် စတီးရွိုက်ဆေးများ အသုံးပြုခြင်းကြောင့်လည်း ပါးစပ်နှင့် အာခေါင်တွင် ကန်ဒီဒါ မှိုကူးစက်နိုင်ကြောင်း သတိပြု မမေ့ရန် အထူးအရေးကြီးလှပါသည်။ ပါးစပ်အတွင်း ထူသိပ်သော အဖြူကွက်များဖြစ်ခြင်း (Oral Hairy Leukoplakia) ဖြူ၍ ထူထပ်သည်။ ကြွက်နို့ သို့မဟုတ် ချည်ကြိုးမျှင်ကဲ့သို့သော ပြားနေသည့် အရာများကို လျှာ၏ဘေးတွင် တွေ့ရှိချက်မှာ ၂၅ ရာခိုင်နှုန်းမျှ ရှိသည်။ အများအားဖြင့် လက္ခဏာမပြပေ။ အယ်ပ်စတိန်းဘား ဗိုင်းရပ်စ် Epstian-Barr Virus ကြောင့် အက်ပီသီလျမ် ထူထပ်ခြင်း ဖြစ်လာကြောင်း ယုံကြည်ကြသည်။ ရေယုန်ဆက်နွှယ်နေသော အနာအဆာများ (Herpesrelated Lesions) နှုတ်ခမ်းတွင် ရေယုန်ဖြစ်ခြင်းမှာ အများအပြား တွေ့မြင်နေရသည်။ ခုခံအားကျဆင်းမှု ဆိုးရွားလာသောအခါ ရေယုန် အနာအဆာများကို ပါးစပ်အစာမျိုပြွန်နှင့် အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းတွင် အနာဖြစ်ခြင်းနှင့် ပွန်းနာများ ဖြစ်စေနိုင်သည်။ သွေးအတွင်း အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပဋိပစ္စည်းများ ရှိနေသော အမျိုးသမီးများတွင် မိန်းမအင်္ဂါစပ်တွင် ရေယုန် ဖြစ်ပွားခြင်းကို မကြာခဏ တွေ့မြင်နေရသည်။ အကယ်၍ ရေယုန် အနာအဆာများသည်- - ဖြစ်မြဲအတိုင်း မဟုတ်ဘဲ ကြိမ်ဖန်များ စွာ ဖြစ်နေခြင်း - အနာအဆာမှာ အထူးသဖြင့် ကြီးမား ကျယ်ပြန့်နေခြင်း - ရှင်းလင်း ပျောက်ကင်းသွားရန် နှေးကွေးနေခြင်းဆိုပါက အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်နေခြင်း ဖြစ်နိုင်ကြောင်း အလံနီ ပြနေခြင်း ဖြစ်သည်။ မျိုးပွားအင်္ဂါနှင့် စအို အနာအဆာများသည် ထပ်ဆင့် ဗက်တီးရီးယားပိုး ဝင်ရောက်ကူးစက်ခြင်းကြောင့် မူမမှန် ပြွန်ကဲ့သို့ လမ်းကြောင်းကလေးများ Fistulae ဖြစ်ပေါ်လာနိုင်သည်။ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ကူးစက်ခံနေရaသာ လူနာ ၂ဝ ရာခိုင်နှုန်းတွင် ပျံ့နှံစွာ အရေပြား၌ ဆင်ရေယုန် Herpes Zoster ဖြစ်ပွားမှု တွေ့ရတတ်သည်။ (ရှေ့လဆက်လက်ဖော်ပြပါမည်) ဒေါက်တာ လဲ့လဲ့ဝင်း MBBS (Ygn), D (Obst), RCOG (Lond)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024