ယူကရိန်းတွင် ၁၄ နိုင်ငံပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ် (ရုပ်သံ)

3.1K
by dvburma
ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ နိုင်ငံပေါင်းစုံက စစ်တပ်တွေ စက်တင်ဘာ ၁၅ ရက်နေ့က အကြီးစား စစ်ရေးလေ့ကျင့်နေကြပါတယ်။
Rapid Trident-2017 စစ်ရေးလေ့ကျင့်မှုကို ဗြိတိန်၊ ဘူလ်ဂေးရီးယား၊ တူရကီနဲ့ ပိုလန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက စစ်သည် အင်အား ၂၅၀၀ ပါဝင် ဆင်နွှဲပါတယ်။
ဒီနှစ်မှာ ကနေဒါနဲ့ အမေရိကန်က စစ်တပ်ဝေစု အများဆုံးအနေနဲ့ စစ်သည် အယောက် ၅၀၀ စီ ပါဝင် လေ့ကျင့်ပါတယ်။ ယူကရိန်းကတော့ စစ်သည်အင်အား ၁၀၀၀ ပါဝင်လေ့ကျင့်ပါတယ်။
နှစ်စဉ်လေ့ကျင့်နေကျ သီတင်း ၂ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုဟာ စက်တင်ဘာ ၂၃ ရက်နေ့ ပြီးဆုံးမှာပါ။
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတော့ မဟုတ်ပါဘူး။ အမေရိကန် လွှမ်းမိုးတဲ့ မြောက်အတ္တလန္တိတ် သဘောတူညီရေးအဖွဲ့ နေတိုးဟာ ယူကရိန်းပဋိပက္ခမှာ စစ်ရေးနဲ့ ဝင်ရောက်စွက်ဖက်တာ မလုပ်ဖူးသေးပါဘူး။
၂၀၁၄ ဧပြီက စတဲ့ ယူကရိန်းပဋိပက္ခအတွင်း လူအယောက် ၆၀၀၀ ကျော် သေဆုံးခဲ့ ပြီးပါပြီ။ ယူကရိန်း-နေတိုး ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ နေတိုးရဲ့ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေအပေါ် ထောက်ပံ့ရေး ကတိရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။