ဗြိတိန်သတင်းထောက် သီရိလင်္ကာတွင် မိကျောင်းကိုက်ခံရ သေဆုံး

သီရိလင်္ကာနိုင်ငံမှာ အားလပ်ရက် အပန်းဖြေ ခရီးသွားနေတဲ့ ဗြိတိန်သတင်းထောက် လူငယ်တယောက်ကို မိကျောင်းတကောင်က ကိုက်ပြီး မြစ်ထဲဆွဲခေါ်သွားတာကြောင့် သေဆုံးခဲ့တယ်လို့ သီရိလင်္ကာရေတပ်က စင်တင်ဘာ ၁၅ ရက်နေ့မှာ ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် ပေါလ် မက်ကလင်းဟာ ဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းစာအတွက် လန်ဒန်မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်ပါ။ သူဟာ သီရိလင်္ကာနိုင်ငံ အာရူဂမ်ဘေ ကမ်းရိုးတန်း အရှေ့ပိုင်းမှာ စက်တင်ဘာ ၁၄ ရက်နေ့က ပျဉ်ချပ်နဲ့ လှိုင်းစီးနေတုန်း မိကျောင်း တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ရေတပ်က ပြောပါတယ်။ သူ့အလောင်းကို စင်တင်ဘာ ၁၅ ရက်နေ့မှာ ပြန်ရခဲ့တာပါ။ သူမြစ်ထဲ ဆွဲခေါ်သွား ခံရချိန်မှာ အော်ဟစ် အကူအညီတောင်းသံကို ဒေသခံတွေက ကြားခဲ့ကြတယ်လို့ မျက်မြင်သက်သေ တယောက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက အစီရင်ခံပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်ကနေ ပြင်သစ်ဘာသာနဲ့ ဘွဲ့ရခဲ့တဲ့ မက်ကလင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က Financial Times သတင်းဌာနကို သင်တန်းသားအဖြစ် ဝင်ရောက် အလုပ်လုပ်ခဲ့သူပါ။ မက်ကလင်းဟာ ပါရမီရှိပြီး အားစိုက်ခွန်စိုက် အလုပ်လုပ်တတ်တဲ့ လူငယ်သတင်းထောက် ဖြစ်တယ်၊ ကြီးကျယ်တဲ့ တက်လမ်းရှိသူလည်း ဖြစ်တယ်လို့ သတင်းဌာန စီမံရေး အယ်ဒီတာ ဂျိမ်းစ် လာမောင့်က ပြောခဲ့ပါတယ်။

More News
Up