မြန်အောင် ပြည်သူများကို ပျိုးဥယျာဉ် စိုက်ပျိုးနည်းပညာများ သင်ကြား
DVB
·
September 15, 2017
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ထဲက မျှင်ဝါးတောင်ကျေးရွာအုပ်စုမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဦးစီးဌာနကနေ ဟသာင်္တခရိုင်တွင်းရှိ ပြည်သူတွေကို သစ်တောစိုက်ခင်း တည်ထောင်ခြင်းနဲ့ ပျိုးဥယျာဉ် စိုက်ပျိုးနည်း ပညာများကို ၅ ရက်တာ စာတွေ့ လက်တွေ့ သင်ကြားပေးနေပါတယ်။
အဓိကကတော့ ကျေးရွာတွင်းက သစ်တောစိုက်ခင်း စိုက်ပျိုးမှု ဝါသနာပါတဲ့လူတွေ ပုဂ္ဂလိက သစ်တောထူထောင်ချင်သူတွေကို အဓိကထား ရွေးချယ်သင်ကြားပေးနေတာပါ။
စက်တင်ဘာ ၁၁ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ သင်ကြားနေတာပါ။ သင်တန်းကိုတော့ ခရိုင်အဆင့်က သစ်တောအရာရှိတွေက သင်ကြားပြီး မြန်အောင်မြို့နယ်ထုင ကျေးရွာတွေထဲက ၄၅ ဦး တက်ရောက်သင်ကြားနေတာပါ။
အဓိကအနေနဲ့ (COMMUNITY FORESTRY INSTRUCTIONS) အစုအဖွဲ့ပိုင်း သစ်တောစိုက်ခင်း တည်ထောင်မှု လုပ်ငန်းတွေ အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်။
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာန မျှင်ဝါးတောင် တာဝန်ခံတောအုပ် ဦးအောင်မျိုးက “ကျနော်တို့အနေနဲ့ ကျေးရွာတွေထဲက ပြည်သူအချို့ ကိုယ်ပိုင်သစ်တော စိုက်ပျိုးချင်တာတွေ ပျိုးဥယျာဉ် တည်ထောင်ချင်တာတွေကို အဓိက အကောင်အထည်ဖော်ဖို့ ခုလို သင်ကြားပေးတာပါ။ သင်ကြားတာတွေကတော့ စိုက်ခင်းတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ယူ သုံးစွဲခြင်း အဆင့်ဆင့် ပျိုး ထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေဆီလွှာမြေအမျိုးအစား၊ သဘာဝ မြေသြဇာ ပြုလုပ်ခြင်းတွေ စတာတွေကို စာတွေ့၊ လက်တွေ့ သင်ကြားပေးတာပါ။ သစ်တော ဦးစီးဌာနအနေနဲ့ကတော့ သင်တန်း တက်ရောက်သူတွေကို နေရေးစားရေး စတဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးပါတယ်။ ၅ ရက်တာ သင်ကြားပေးတာဖြစ်လို့ သူတို့တွေအနေနဲ့ တကယ် အကောင်အထည်ဖော်နိုင်မှာပါ။ ခုလက်ရှိ ပုဂ္ဂလိက စိုက်ခင်းလုပ်နေတဲ့ လူကို သင်ပေးတာပါ။ ဟသာင်္တ ခရိုင်အဆင့်အနေနဲ့ ခုလို သင်ကြားပေးနေတာပါ” လို့ ပြောပါတယ်။
သင်တန်းတက်ရောက်သူ တဦးဖြစ်တဲ့ ဦးကျော်ကျော်ကတော့ “ကျနော်တို့ကို သစ်တောဦးစီးဌာနက ခုလို သင်ပေးတာတွေကြောင့် လက်တွေ့ အကောင်အထည်ဖော်ရမှ အသုံးဝင်မှာပါ၊ ခုလိုမျိုး ပညာရှင်တွေ တကယ့် စာတွေ့၊ လက်တွေ့ သင်ပေးတာတွေကို မကြာ မကြာ ပြုလုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်