နာမည်ကျော် ဖူးခက်ကမ်းခြေတွင် မိုသည်းထန်ပြီး ရေကြီးရေလျှံမှုဖြစ် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အခုမနက်ပိုင်း ၇ နာရီလောက်ကနေ ၁၀ နာရီထိ ၃ နာရီကြာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ အနည်းဆုံး ၈၀ မီလီမီတာထိ ရှိခဲ့တာပါ။ ခုလို ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်အဆောက်အအုံတွေ နစ်မြုပ်တာတွေနဲ့  ယာဉ်ကြောပိတ်ဆို့တာတွေ၊ ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ အပန်းဖြေမြို့တည်ရှိတဲ့ ပထုံခရိုင်တွင်းမှာလည်း မြေပြိုမှုတွေ ဖြစ်နေပြီး မိုးပိုသည်းလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ “ရာသီဥတုက လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့အထိ ဆက်တိုက် မိုးသည်းနိုင်တယ်။ ပြည်သူတွေအနေနဲ့ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ နောက်ဆုံးရသတင်းတွေကို နားစွင့်ပြီး ဂရုပြုနေထိုင်သင့်တယ်” လို့ မိုးလေဝသဆိုင်ရာ ပညာရှင်တဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်တွေ ခုမနက်ပိုင်းကတည်းက ထုတ်ပြန်ထားခဲ့ပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြုတဲ့ တိုင်ဖွန်းမုန်တိုင်း ဒေါ့ခ်ဆူရီကြောင့် လေပြင်းမုန်တိုင်းတွေ တိုက်ခတ်လာနိုင်တဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up