မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်နေ့အဖြစ် ပုသိမ်မြို့တွင် ဇာတ်ကား ၅ ကား အခမဲ့ပြသ
DVB
·
September 15, 2017
မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့၊ ရွှေပြည်တော်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဇာတ်ကား ၅ ကားကို ဒီကနေ့မနက် ၈ နာရီခွဲအချိန်ကစပြီး အခမဲ့ပြသနေပါတယ်။
ဒီမိုကရေစီစနစ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်သိတတ်မှုတွေ စည်ကမ်းတွေကို ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာအောင် ပညာပေးမှုတွေ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ကြီးမြတ်သောမြန်မာ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ သရာစောထိနဲ့ နေခြည်မှာ ရွှေရည်လောင်း ဇာတ်ကားတွေကို ဒီကနေ့ည ၈ နာရီအချိန်အထိ အချိန်တွေခွဲပြီး အခမဲ့ပြသနေတာပါ။
ရုပ်ရှင်ဇာတ်ကားတွေကို စက်တင်ဘာလ ၁၅ ရက်နေ့ တရက်တည်း အခမဲ့ပြသသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိကိုတော့ ရုံတင်ထားမှာဖြစ်ပြီး ဒီကနေ့ ပြသတဲ့ အချိန်တွေအတိုင်းပဲ အခကြေးငွေနဲ့ ပြသသွားမယ်လို့ ဧရာဝတီတိုင်းရုပ်ရှင်နှင့် ဗွီဒီယိုအခြေခံအဖွဲ့ အတွင်းရေမှူး ဦးသိန်းထွန်းဝင်းက ပြောပါတယ်။
ပြသမယ့် အချိန်တွေကတော့ မနက် ၈ နာရီ ၃၀ မိနစ်မှာ မြန်မာလူမျိုးတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့တွေကို ဖော်ပြရိုက်ကူးထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ဇာတ်ကားဖြစ်တဲ့ “ကြီးမြတ်သောမြန်မာ” ရုပ်ရှင်ဇာတ်ကား၊ မနက် ၁၁ နာရီအချိန်မှာတော့ ဟာသဇာတ်ကားဖြစ်တဲ့ “ဒီမိုရပ်ကွက်” ရုပ်ရှင်ဇာတ်ကား၊ နေ့လယ် ၂ နာရီအချိန်မှာတော့ ငြိမ်းချမ်းရေးဟာ လူ့အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးပုံကို ပြသထားတဲ့ “တိမ်ပြာသောနေ့” ရုပ်ရှင်ဇာတ်ကား၊ ညနေ ၅ နာရီအချိန်မှာတော့ ကရင်ပြည်နယ်ကို အခြေပြုရိုက်ကူးထားတဲ့ “သရာစောထိ” ရုပ်ရှင်ဇာတ်ကားနဲ့ ည ၈ နာရီအချိန်မှာတော့ ဆရာတွေရဲ့ စေတနာ၊ ကရုဏာ၊ အနစ်နာခံပုံတွေကို ရသမြောက်အောင် ပုံဖော်ထားတဲ့ “နေခြည်မှာရွှေရည်လောင်း” ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ ဒီမိုကရေစီရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ဒီကနေ့မနက် ၇ နာရီက ရွှေပြည်တော် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ ပုသိမ်မြို့ရွှေပြည်တော်ရုပ်ရှင်ရုံ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးနိုင်က ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို ဒီကနေ့မှာ မြန်မာနိုင်ငံရဲ့မြို့ကြီးတွေက ရုပ်ရှင်ရုံ ၄၄ ရုံမှာ ပြုလုပ်နေတာဖြစ်ပြီး ဧရာဝတီတိုင်းမှာတော့ ပုသိမ်မြို့နဲ့ ဖျာပုံမြို့က ရုပ်ရှင်ရုံတွေမှာ ကျင်းပ ပြုလုပ်နေတာ ဖြစ်ပါတယ်။