ငါးဖမ်းပိုက်လှေပေါ်တွင် လှေသားချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား

မြိတ်-ကျွန်းစုရေပြင် မျောက်ခေါင်းကျွန်းအနီး ငါးဖမ်းပိုက်လှေပေါ်မှာ စက်တင်ဘာ ၁၄ ရက်က လှေသားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပြင်စဘုကျွန်းအရှေ့၊ မျောက်ခေါင်းကျွန်းရေပြင်မှာ လှေရှင် ဦးမြင့်ကြည်ပါ လှေသား ၆ ဦးနဲ့ ငါးဖမ်းနေချိန် နေ့လယ်ပိုင်းမှာ လှေသား မင်းထိုက် (ခ) နိုင်အေး နဲ့ ပိုင်စား (ခ) ထွန်းအေးတို့ စကားများရန်ဖြစ်ရာမှ ပိုင်စား(ခ)ထွန်းအေးက မင်းထိုက်(ခ)နိုင်အေးကို ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့ရာ မင်းထိုက်က လှေပေါ်မှာ အသုံးပြုတဲ့ရဲဒင်းနဲ့ ပိုင်စားကို ခုတ်ခဲ့ရာ ညာဘက်ဂုတ်ပိုး ပြတ်ရှဒဏ်ရာတချက်နဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ “လှေသားချင်း အလုပ်လုပ်ရင်းနဲ့စကားများကြတယ်၊ လှေဦးပိုင်းမှာရှိတဲ့ ပိုင်စားက ပဲပိုင်းမှာ ရှိတဲ့ မင်းထိုက်ကို ကျောက်ခဲနဲ့လှမ်းပေါက်တယ်၊ မင်းထိုက်ကရှောင်လိုက်တော့ မထိဘူး၊ ပိုင်စား လှေပဲ့နောက်ကိုရောက်ချိန် မင်းထိုက်က အနီးမှာရှိတဲ့ ကပ်ပါး (ရဲဒင်း) နဲ့ ခုတ်သတ်ခဲ့တာပါ” လို့ မြိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်က ပြောပါတယ်။ လှေရှင်ဦးမြင့်ကြည်က တရားလိုပြုတိုင်တန်းပြီး မြိတ်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး၊ ကံမော်ရဲစခန်းကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up