Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ပထမဆုံးအကြိမ် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် ကျင်းပ
Aung Ko Latt
·
September 15, 2017
နိုင်ငံနှင့် လူမျိုးရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာ တိုးတက်မြင့်မားလာစေရေးကို ရည်ရွယ်ပြီး မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ပါရာဒိုက်ဆိုရုပ်ရှင်ရုံမှာ ပြသပေးနေပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နိုင်ငံတကာ ဒီမိုကရေစီနေ့ ဖြစ်သလို ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ မြန်မာ့ဒီမိုကရေစီကို အထိမ်းအမှတ်ပြုပြီး ကျင်းပနေတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို မုံရွာမြို့တင်သာမက ရုပ်ရှင်ရုံရှိရာ အခြားတိုင်းနဲ့ ပြည်နယ်က မြို့ကြီးတွေမှာလည်း ကျင်းပပြုလုပ်နေကြပါတယ်။ အဓိကအားဖြင့် ဒီမိုကရေစီကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းရုပ်ရှင်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေကြားထဲမှာ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပိုမိုထွန်းကားလာပြီး တိုးတက်ကောင်းမွန်တဲ့ နိုင်ငံတော်ကို ဝိုင်းဝန်းတည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာတဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ ဒီရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ကား ၅ ကားဖြစ်တဲ့ နေခြည်မှာ ရွှေရည်လောင်း၊ သရာစောထီး၊ တိမ်ပြာသောနေ့၊ ကြီးမြတ်သောမြန်မာ၊ ဒီမိုရပ်ကွက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြသပေးသွားမှာပါ။ ပွဲတော် အထိမ်းအမှတ်အနေနဲ့ ပထမဆုံး ပြသတဲ့ ရုပ်ရှင်ကားကိုတော့ အခမဲ့ ပြသပေးမယ်လို့ သိရပါတယ်။ အခုအခါမှာ မှေးမှိန်နေတဲ့ မြန်မာ့ရုပ်ရှင်လောကကလည်း တဖန် ပြန်လည်ဦးမော့လာပြီ ဖြစ်သလို မြို့ကြီးတော်တော်များများမှာလည်း မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ရုပ်ရှင်ရုံတွေကို ဖွင့်လှစ်လာကြပြီ ဖြစ်ပါတယ်။ ရုပ်ရှင် ဖွံဖြိုးဖို့ ရုပ်ရှင်ဇာတ်ကားတွေ ပေါများမှ ရုပ်ရှင်ရုံတွေ များလာမှာဖြစ်ပြီး ရုပ်ရှင်ရုံတွေများမှ ရုပ်ရှင်ကြည့်သူများလာမယ်။ ဒါမှသာ ရုပ်ရှင်က ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့ တိုင်းရုပ်ရှင်လုပ်ငန်း တာဝန်ရှိသူကလည်း ပြောဆိုခဲ့ပါတယ်။ မုံရွာမြို့မှာ ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရုပ်ရှင်ချစ်ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024