မသန်စွမ်း အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီး
DVB
·
September 15, 2017
မွန်ုပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ငါးမျှားစခန်းကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲက မသန်စွမ်းအမျိုးသမီးတဦးအား အဓမ္မပြုကျင့်ဖို့ ကြံစည်သူကို ကျေးရွာတာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၃ ရက် ညက ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ဖြစ်စဉ်မှာ မ---ဟာ ခင်ပွန်းဖြစ်သူငါးဖမ်းသွားချိန် နေအိမ်မှာ ကလေးနို့တိုက်ရင်း အိပ်နေချိန် အိမ်နီးချင်းဖြစ်တဲ့ ကိုရင်ကောင်(ခ) သန်းထိုက်က မ---- အား ဘောင်းဘီအတင်း ဆွဲချွတ်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်နေချိန် ကလေးအော်ငိုလို့ သန်းထိုက်က နေအိမ်ကနေ ထပြန်သွားခဲ့တယ်လို့ ရေးမြို့မရဲစခန်း အမှုစစ်ရဲအုပ် ထွန်းယုဇော်က ပြောပါတယ်။
မ----မှာ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူဖြစ်ပြီး ၂ လသားအရွယ် သားတဦး ထွန်းကားခဲ့ပြီး အခုလို အဓမ္မပြုကျင့်ဖို့ ကြံစည်အားထုတ်သူကို အရေးယူပေးဖို့ လာရောက်တိုင်တန်းခဲ့တာပါလို့ ရေးမြို့မ ရဲစခန်းက တာဝန်ကျရဲတဦးက ပြောပါတယ်။
ရေးမြို့မရဲစခန်းက ကိုရင်ကောင်(ခ)သန်းထိုက်ကို ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
နေမျိုးထွဋ် (ရေး)