Home
မြန်မာသတင်း
ဒီမိုကရေစီတည်ဆောက်ရေး ကာလရှည်ကြာ အချိန်ယူရမည်ဟု သမ္မတ ဦးထင်ကျော် ပြောကြား
DVB
·
September 15, 2017
နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ဆောက်ရေးဟာ ကာလရှည်ကြာ အချိန်ယူရမယ့် ခရီးရှည်ကြီးတခု ဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ပြေကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားတာဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့ စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှုနဲ့ စည်းကမ်း ကောင်းမွန်မှုတို့ဟာ ဒီမိုကရေစီ ဖော်ဆောင်မှုအောင်မြင်ဖို့ အဓိကကျတဲ့ အချက်တွေ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ “ယနေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး စတဲ့ ပန်းတိုင်တွေကို တည်ဆောက်နေရချိန် ဖြစ်တယ်။ ဒီပန်းတိုင် သုံးခုဟာ တခုနဲ့တခု ဆက်နွှယ်ဆက်စပ်နေသလို အပြန်အလှန်လည်း အထောက်အကူပြုနေတယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်လှမ်းပြီး ခြေလှမ်းတွေ တလှမ်းပြီးတလှမ်း လျှောက်လှမ်းနေရပြီ ဖြစ်ပေမယ့် ဒီမိုကရေစီတည်ဆောက်ရေးဟာ ကာလရှည်ကြာ အချိန်ယူရမယ့် ခရီးရှည်ကြီးတခုပဲ ဖြစ်တယ်။ နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အလင်းရောင်၊ အလင်းစတွေ တွေ့မြင်လာရတာ မကြာသေးဘူး”လို့  နိုင်ငံတော်သမ္မတက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစု အများအပြားနေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မတူကွဲပြားမှုတွေအကြားမှာ လိုက်လျောညီထွေ သဟဇာတဖြစ်ရေးနဲ့ ညီညွတ်စွာ ပေါင်းစည်းနိုင်ရေးဟာ အလွန်အရေးကြီးတယ်။ ဒီလို ပေါင်းစည်းရာမှာ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တရပ် ပေါ်ထွန်းလာဖို့ လိုအပ်နေသလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။ မျှော်မှန်းထားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံသားတဦးချင်းက တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့လည်း သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ ယခုနှစ်မှာ ၇ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024