Live
Home
မြန်မာသတင်း
သာစည်-တောင်ကြီးလမ်းတွင် ကျပ် ၁၄၄ သိန်း တန်ဖိုးရှိ ပိုင်ရှင်မဲ့ ဘိန်းစိမ်းများ တွေ့ရှိ
DVB
·
September 15, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-တောင်ကြီးလမ်း လမ်းတံတား ဆောက်လုပ်ရေး ကျောက်ခွဲစက်အနီး စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီခွဲက ခဲရောင်ပလတ်စတစ်ပုံးထဲ ထည့်ပြီး ချုံပုတ်ထဲမှာ ကျပ် ၁၄၄ သိန်းတန်ဖိုးရှိ ပိုင်ရှင်မဲ့ ဘိန်းစိမ်းထုပ်  တွေ ရှာဖွေတွေ့ရှိပါတယ်။ ဖြစ်စဉ်မှာ သာစည်-တောင်ကြီးလမ်းမှာ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု ရဲအုပ်လင်းထွန်း တပ်ဖွဲ့၊ သာစည်မြို့နယ် ရဲတပ်ဖွဲ့နဲ့ သက်သေတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ ယာဉ်တွေကို ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ ကျောက်ခွဲစက်တာဝန်ခံ ဦးခင်မောင်သင်းက “လူတယောက် ချုံပုတ်ထဲကို ပစ္စည်းဝှက်နေတာ မြင်ရတယ်” ဆိုပြီး စစ်ဆေးရေးအဖွဲ့ကို သတင်းပေးပါတယ်။ သာစည်မြို့မရဲစခန်းက “ချုံပုတ်ထဲ  ရှာဖွေတဲ့အခါ ခဲရောင်ပလတ်စတစ်ပုံးကို ဘေးဘက်တွင် အပေါက်ဖောက်ပြီး အမည်းရောင် ဘိန်းစိမ်းထုပ် ၈ ထုပ် ထည့်ကာ ခဲရောင်တိပ်ပတ်ပြီး ပြန်ပိတ်ထားတဲ့ ပလတ်စတစ်ပုံးကို တွေ့ရှိရပါတယ်။ ဘိန်းစိမ်း ၁ ထုပ်ကို ၁ ဒသမ ၂ ကီလိုဂရမ် အလေးချိန်ရှိပြီး စုစုပေါင်း ၈ ထုပ်ကို ၉ ဒသမ ၆ ကီလိုဂရမ်ရှိပါတယ်။ ကာလတန်ဖိုး ကျပ် ၁၄၄ သိန်းဖိုး ရှိတယ်” လို့  ပြောပါတယ်။ ဒုရဲအုပ်မောင်မောင်ဝင်းက “ဦးခင်မောင်သင်း မြင်ရတဲ့ လူပုံစံက ကုလားဆင်ပုံလို့ ပြောတယ်။ စစ်ဆေးရေးအဖွဲ့ကို မဖြတ်ရဲလို့ ချုံပုတ်ထဲ လာပစ်သွားတာ ဖြစ်မယ်။ အမြန်ဆုံး ဖမ်းမိဖို့ လုပ်နေပါတယ်”လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဥပဒေ လက်ဝယ်ထားရှိမှု ပုဒ်မ ၁၉(က) ၊ အမှုအမှတ် မယ(ပ)၂၀/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024