ဖယ်ခုံအင်းတွင် ငါးသားပေါက်ကောင်ရေ ၁ သိန်းကျော် လွှတ်မည်
DVB
·
September 15, 2017
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းမှာ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖယ်ခုံအင်း ထိန်းသိမ်းရေးကော်မတီကနေပြီး ငါးသားပေါက်ကောင်ရေ ၁ သိန်းကျော် လွှတ်မှာဖြစ်ပါတယ်။
ဘာကြောင့် ၂၀ ရက်နေ့ လကွယ်နေ့ကိုရွေးပြီး လုပ်ရတာလဲဆိုရင်တော့ ဖယ်ခုံအင်းမှာ လပြည့်လကွယ် ရက်တွေကို ငါးမဖမ်းရရက်တွေအဖြစ် တရားဝင်သတ်မှတ်ထားတာပါ။
လပြည့်လကွယ်နေ့မှာ ငါးဥလေ့ရှိတာကြောင့် ၂၀ ရက်နေ့ကို ရွေးပြီး ကျင်းပတာ ဖြစ်တယ်လို့ အင်းကော်မတီက ဒီဗွီဘီကိုပြောပါတယ်။
“အခုလွှတ်မယ့်ငါးတွေဟာ ထိုင်းငါးခုံးမတွေ အများဆုံးလွှတ်မှာဖြစ်ပြီး မြက်စားငါးကြင်းနဲ့ ငါးကြင်းဖြူတွေကိုလည်း လွှတ်မှာဖြစ်ပါတယ်။ ဒီငါးတွေကို ဖယ်ခုံအင်းကော်မတီကနေပြီး ကိုယ်ထူကိုယ်ထ သားဖောက်ထားတဲ့ ငါးတွေဖြစ်ပါတယ်။ အခုလို အင်းထဲကို ငါးတွေ လွှတ်ရ တာဟာ အင်းထဲမှာ ငါးသယံဇာတ ပွားများဖို့နဲ့ အင်းသာယာလှပရေးတွေအပြင် အင်းကိုမှီခိုနေတဲ့ တံငါသည်တွေ လုပ်ငန်းအဆင်ပြေအောင် ရည်ရွယ်တာဖြစ်ပါတယ်။”