ဆန်းချက်၏သွင်းဂိုး အပါအဝင် ၃ ဂိုး ၁ ဂိုးဖြင့် အာဆင်နယ်က ကိုလုံးကို အနိုင်ယူ (ရုပ်သံ)

ယူရိုပါလိဂ် အုပ်စု အိတ်ခ်ျ အဖွင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ဂျာမန်ကလပ် ကိုလုံးတို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို ကိုလုံးအသင်း ပရိသတ်တွေ အများအပြား လာရောက်ကြပြီး လက်မှတ်မရတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ ပွဲကို နောက်ကျပြီးမှ ကျင်းပခဲ့ရတာပါ။ အာဆင်နယ်မှာ တိုက်စစ်မှူး ဆန်းချက် ပြန်လည်ပါဝင်လာခဲ့ကာ ခြေစွမ်းပြကစားပြီး တဂိုးသွင်းယူပေးနိုင်ခဲ့သလို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့်အသာ ရခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ ကိုလုံးအသင်းက ရခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာ ကော်ဒိုဘာက သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ ကိုလာဆီနက်၊ ၆၇ မိနစ်မှာ ဆန်းချက်နဲ့ ၈၁ မိနစ်မှာ ဘယ်လာရင်တို့က သွင်းယူပေးခဲ့ပါတယ်။ အုပ်စု အိတ်ခ်ျ တခြားပွဲစဉ်ဖြစ်တဲ့ ဆားဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ်နဲ့ ဘယ်လာရုစ်ကလပ် ဘိတ်ဘိုရီဆော့ဗ်တို့ ပွဲစဉ်မှာတော့ တဘက်တဂိုးစီ သရေကျသွားပါတယ်။

More News
Up