မဟာဘွဲ့ကျမ်းပါအိတ်အား သေနတ်ထောက်လုယက်မှုကို ကာကွယ်နိုင်ခဲ့သည့် အာဂအမျိုးသမီး (ရုပ်သံ)

လူများစုက သေနတ်ထောက်ပြီး လုယက်ခံရရင် သူတို့ပိုင်ပစ္စည်းတွေကို ပေးလိုက်မှာပါ။ ဒါပေမယ့် တောင်အာဖရိကက အာဂကျောင်းသူကတော့ သူမဘဝထက် အရေးကြီးတဲ့ မဟာဘွဲ့ကျမ်းအိတ်ကို သေနတ်ထောက်ပြီး လုခဲ့ပေမယ့် မပေးဘဲ ငြင်းဆန်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘက်ဂ်မြို့မှာ အသက် ၂၆ နှစ်အရွယ် နိုဇိုလိုနတူစီကို သေနတ်ကိုင် ၂ ဦးက သေနတ်ထောက် တိုက်ခိုက်ပြီး အိတ်ကို လုခဲ့ပေမယ့် သူမက အိတ်ကိုလွှတ်မပေးဘဲ အတင်းပြန်ဆွဲယူခဲ့တာပါ။ စောင့်ကြည့်ကင်မရာက ရိုက်ကူးမိတဲ့ ရုပ်သံထဲမှာ မစ္စနတူစီအနီးကို ကားတစီးရပ်လာပြီး အမျိုးသား ၂ ဦး ကားထဲက ခုန်ဆင်းကာ တဦးက သေနတ်ကိုင်ထားတာကို မြင်ရပါတယ်။ အမျိုးသား ၂ ဦးထဲက တဦးက သူမရဲ့ နေ့လယ်စာအိတ်ကို ဆွဲလိုက်ချိန် တခြားတဦးက သူမရဲ့လက်ကိုင်အိတ်ကို အတင်းဆွဲလုခဲ့တာပါ။ အမျိုးသားကျန်းမာရေး သုတေသနဌာန ဝန်ဆောင်မှု (National Health Laboratory Service) မှ ဆေးသိပ္ပံကျောင်းသူတဦးဖြစ်တဲ့ မစ္စနတူစီဟာ အမျိုးသားက သူမကို မြေကြီးပေါ် တွန်းချပြီး သူမအပေါ်ကနေ ရပ်နေသည့်တိုင် အိတ်ကို မပေးဘဲ အတင်းပြန်လုခဲ့တာပါ။ အိတ်ထဲမှာ ဆေးသိပ္ပံမော်လီကျူလာ သတ္တဗေဒဆိုင်ရာ မဟာဘွဲ့လွန်ကျမ်းပါတဲ့ ဟာ့ဒ်ဒရိုက်ပါတယ်လို့ သိရပြီး သူမက “ဒါကို သူတို့ယူသွားဖို့ အကြောင်းကိုမရှိဘူး” လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ “ကျမက ကျမရဲ့မဟာဘွဲ့အကြောင်းပဲ စဉ်းစားနေရတာ။ ကျမရေးနေတဲ့ကျမ်းက ပြီးလုနီးပါးဖြစ်နေပြီ။ ကျမရဲ့ကျမ်းကို သူတို့ယူသွားဖို့ အကြောင်းကိုမရှိတာ” လို့ သူမက ပြောခဲ့ပါတယ်။ အက်လန်းပန်းခြံထဲမှာ ဖြစ်သွားတဲ့ လုယက်မှုမှာ သေနတ်ကိုင်အမျိုးသားက မစ္စနတူစီ ဦးခေါင်းကို သေနတ်ထောက်ပြီး သူမ သေသွားနိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပေမယ့် သူမက အိတ်ကိုပေးဖို့ ငြင်းဆန်ခဲ့တာပါ။ ဒီလိုလုပ်ခဲ့တာက “သိပ်တော့ မပါးနပ်ဘူး” လို့ သူမရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဝန်ခံခဲ့ပါတယ်။ သံသယရှိသူတွေကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ စက်တင်ဘာ ၁၄ ရက်နေ့  မေရာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up