Home
မြန်မာသတင်း
မယ်ရာမိုဒုက္ခသည်စခန်းတွင် H1N1 ဖြစ်ပွားသူ ၃ ဦး ထပ်မံတွေ့ရှိ၊ စခန်းတွင်း ၀င်ထွက်မှုပိတ်
DVB
·
September 14, 2017
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရီးယန်းမြို့နယ်၊ မယ်ရာမိုဒုက္ခသည်စခန်းမှာ ရာသီတုပ်ကွေး A(H1N1) ဖြစ်ပွားနေသူ ၃ ဦး ထပ်မံတွေ့ရှိတဲ့အတွက် စက်တင်ဘာ ၁၃ ရက်နေ့ ကစပြီး ၂၇  ရက်နေ့အထိ စခန်းတွင်း ၀င်ထွက်သွားလာမှုကို ပိတ်လိုက်ပါတယ်။ သြဂုတ်လဆန်းပိုင်းကစပြီး ကိုယ်ပူတာ၊ နှာစေးချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေကြောင့် ဓာတ်ခွဲစမ်းသပ်ရာ A(H1N1) ရောဂါပိုးတွေ့ရှိသူ ၃ ဦးရှိခဲ့ပြီးနောက်ပိုင်း စခန်းတွင်း အလားတူ လက္ခဏာဖြစ်ပွားသူ ၂၅၀ လောက် ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုရောဂါဖြစ်ပွားမှုကြောင့် စခန်းတွင်းက ကျောင်းတွေကို ၂ ပတ်ကြာ ပိတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ မနေ့ကတော့ ကျောင်းတက်နေတဲ့ကလေးတွေထဲက ၃ ဦး A(H1N1) ရောဂါပိုး ထပ်မံတွေ့ရှိတဲ့အတွက် ဒီကနေ့ကစပြီး ကျောင်းတွေ ပြန်ပိတ်ထားသလို စခန်းတွင်း ၀င်ထွက်သွား လာမှုကိုလည်း ပိတ်ထားလိုက်တယ်လို့ ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့အခြေစိုက် ကရင်ဒုက္ခသည်ကော်မတီ ညှိနှိုင်းဆောင်ရွက်ရေးမှူး စောတူးတူးက ပြောပါတယ်။ “အရင်ဖြစ်ပွားတုန်းက သက်သာသွားပြီ။ ဒါပေမယ့် မနေ့ ၁၃ ရက်နေ့က ဆရာဝန်တွေက နောက်ထပ် ၃ ဦး ရောဂါပိုး တွေ့ရှိတယ်လို့ တင်ပြလာတဲ့အတွက် အခုလောလောဆယ် ဒုက္ခသည်စခန်းအ၀င်အထွက်ကို ပိတ်ထားလိုက်တယ်။” ထိုင်းနိုင်ငံ၊ မဲ့စရီးယန်းမြို့နယ် တာဝန်ရှိသူတွေက နှစ်ပတ်လောက်ဆို ရောဂါ အခြေအနေ ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် စခန်းတွင်းဝင်ထွက်သွားလာမှုကို စက်တင်ဘာ ၂၇ ရက်အထိ ပိတ်ထားသလို စခန်းတွင်း ကျောင်းတွေကိုလည်း ၂၇ ရက်နေ့အထိ ပိတ်ထားကြောင်းလည်း စောတူးတူးက ပြောပါတယ်။ မယ်ရာမိုဒုက္ခသည်စခန်းမှာ သြဂုတ်လဆန်းပိုင်းလောက်က ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေး A(H1N1) ကြောင့်  အသက် ၅ နှစ်နဲ့ ၆ နှစ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရပြီး ကျန်တဲ့ရောဂါ လက္ခဏာဖြစ်ပွားသူတွေကတော့ သက်သာခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီလို ရာသီတုပ်ကွေးလက္ခဏာဖြစ်ပွားနေတဲ့ လူနာတွေကို သီးခြားခွဲထားပြီး ကုသပေးမှုတွေ လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကလည်း ကျန်းမာရေး ၀န်ထမ်းတွေအပြင် ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တအိမ်တက်ဆင်း ပညာပေးမှုတွေ  လုပ်ဆောင်ခဲ့တယ်လို့လည်း  စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ မယ်ရာမို ဒုက္ခသည်စခန်းကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိမှာ လူဦးရေ ၂ သောင်းလောက် နေထိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024