Home
မြန်မာသတင်း
မြန်မာ့တပ်မတော်နှင့် တီအန်အယ်လ်အေ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
DVB
·
September 14, 2017
  ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၃ ခုထဲမှာ မနေ့က တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲနဲ့ မွန်းလွဲ ၁ နာရီကြား နမ္မတူမြို့နယ် ပန်ဝါကျေးရွာနားမှာ တကြိမ်၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအနီးမှာတကြိမ် ပစ်ခတ်မှုရှိခဲ့ပြီး အဲဒီနေ့ ညနေ ၅ နာရီလောက်မှာတော့ ကျောက်မဲမြို့နယ် လွယ်ခလေးကျေးရွာအထက် တောင်ကြောပေါ်မှာလည်း ပစ်ခတ်ခဲ့ကြတယ်လို့  ဆိုပါတယ်။ မြန်မာ့တပ်မတော် တပ်မ ၈၈၊ ခမရ ၃၀၁၊ တပ်မ ၇၇ တို့က တီအန်အယ်လ်အေ တပ်ဖွဲ့တွေ တည်ရှိရာ တောထဲကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ရတာဖြစ်ပြီး နမ့်ဆန်မြို့နယ် ဟူးခင်ရွာအနီးတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ၃ ဦးကျဆုံးကြောင်း တီအန်အယ်လ်အေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တီအန်အယ်လ်အေဘက်က ကျဆုံးမှုအခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိဘဲ နှစ်ဘက်တပ်က  တာဝန်ရှိသူတွေကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ သီပေါမြို့နယ်ထဲမှာတော့ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီကျော် လောက်က မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေစဉ် ၉ မိုင်ရဲကင်းနားရောက်လာတဲ့ မော်တော်ကား တစီးပေါ်ကနေ ဒေသန္တရလက်လုပ်မိုင်းတလုံး ပစ်ချဖောက်ခွဲခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ မိုင်းဟာ ခိုလုံတံတားအနောက်ဘက် မီတာ ၂၀ အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနဲ့ မော်တော်ယာဉ်တွေ ထိခိုက်မှုမရှိပေမယ့် ကတ္တရာလမ်းကတော့ အကျယ် ၆ လက်မပတ်လည်၊ အနက် ၁ လက်မလောက် ချိုင့်ဝင်ပျက်စီးသွားကြောင်း၊ အဲဒီနေရာတ၀ိုက်မှာ တပ်မတော်သားတွေ နယ်မြေရှင်းလင်းဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024