Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ စိတ်ကြွဆေးပြား သိန်း ၆၀၀ ကျော်တန်ဖိုး ဖမ်းမိ
DVB
·
September 13, 2017
ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နမ့်ဟူးရွာမှာ စက်တင်ဘာ ၁၂ ရက် ည ၉ နာရီမှာ စိတ်ကြွမူးယစ်ဆေးပြား ၄၆၃၀၀ ပြား ကာလတန်ဖိုး တပြား ၁၅၀၀ နဲ့ သိန်းပေါင်း ၆၀၀ ကျော် ဖမ်းဆီး ရမိပါတယ်။ မူးယစ်ဆေးဝါး သတင်းရရှိထားတာဖြစ်ပြီး ဝရမ်းနဲ့ ဘန်းယဉ်ရဲစခန်းနယ်ထိန်းအဖွဲ့၊ PNA ခွန်ချစ်လယ်အဖွဲ့နဲ့ ခမရ ၄၂၅ ဒုတပ်ရင်းမှူးအဖွဲ့တို့က ဦးညွန့် နေအိမ်ကို ပိတ်ဆို့ရှာဖွေရာမှ သံသေတ္တာအတွင်း wy စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၄၆၃၀၀ ပြား တွေ့ရှိတာဖြစ်ပါတယ်။ ဘန်းယဉ်ရဲစခန်း စခန်းမှူးသိန်းဇော်မြင့်ထွန်းက “အိမ်ရှင်ဦးညွန့် ထိုင်နေတဲ့ သံသေတ္တာထဲမှာ wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၁၀၀ ပြား တွေ့တယ်။ ဧည့်သည်ဖြစ်တဲ့ ကိုဇော်တူး လွယ်အိတ်ထဲမှာ စိတ်ကြွဆေးပြား ၂၂၀၀ ပြားတွေ့တယ်။ အားလုံး ၄၆၃၀၀ ပြား တွေ့တယ်။၊ သူတို့ကို အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။ ဆီဆိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး မကြာခဏဖမ်းဆီးရမိပေမယ့် လူငယ်တွေ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်စီးတာ အတော်များတယ်လို့ ဆီဆိုင်မြို့နယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “မူးယစ်ဆေးဝါး ပပျောက်ဖို့အတွက် ပညာပေးတွေလည်း လုပ်တယ်။ တခြားအမှုနဲ့မတူဘူး ပြစ်ဒဏ် ကြီးတယ်။ တပြားမိရင်တောင် ထောင်ဒဏ် ၁၀ နှစ်ကျော် ကျသွားတာခံရတယ်။ လူထုအနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ လိုတယ်။ လူထုက မှန်မှန်ကန်ကန် သတင်းပေးနိုင်ရင် ကျနော်တို့ စစ်ဆေး အရေးယူလို့ရတယ်။ ဒါမှ ပပျောက်နိုင်မှာပါ”လို့ ဘန်းယဉ် စခန်းမှူးက ပြောပါတယ်။ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ့ ဦးညွန့်နဲ့ ကိုဇော်တူးကို မူးစိတ် ၁၅/၁၉(ယ)/၂၁၊ မယပ ၁၇/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။ သတင်း - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024