တိုကျိုမြို့မှ အိုးအိမ်မဲ့များကို အကပညာသင်ပေးပြီး မြေဝိုင်းသဘင်သည်များအဖြစ် မွေးထုတ်ပေး

ဓာတ်ပုံ - ရိုက်တာ
3K
ဂျပန်နိုင်ငံ မြို့တော်တိုကျိုမှာ လမ်းမပေါ်နေထိုင်တဲ့ အိုးအိမ်မဲ့သူတွေကို အကပညာသင်ပေးပြီး မြေဝိုင်းသဘင်သည်တွေအဖြစ် မွေးထုတ်ပေးနေပါတယ်။
ဆိုကာရီဆာဆိုတဲ့ အနုပညာအဖွဲ့ဟာ အိမ်ယာမဲ့တွေကို အကပညာသင်ပေးပြီး မြေဝိုင်းသဘင်သည်တွေအဖြစ် ဖန်တီးပေးနေတာဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တည်ထောင်ခဲ့ပြီး အခုအခါမှာတော့ အဖွဲ့ဝင် ၈ ဦးရှိကာ အဖွဲ့ဝင်အရေအတွက် မငြိမ်ဘူးလို့ သိရပါတယ်။
အဖွဲ့ဝင်တွေဟာ အကပညာနဲ့ စိမ်းကြပေမယ့် သူတို့ဟာ အကပညာကနေ လူ့ဘဝ အဓိပ္ပာယ်ကို ကြိုးစား ရှာဖွေကြတယ်လို့ အဖွဲ့တည်ထောင်သူက ဆိုပါတယ်။
ဆိုကာရီဆာ အနုပညာအဖွဲ့ တည်ထောင်သူက “တခါက လမ်းဘေး အဆိုတော်တဦးဘေးမှာ လူတွေဝိုင်းနေချိန် အနားမှာ အိပ်ပျော်နေတဲ့ အိမ်ယာမဲ့တဦးကို လူတွေက ကြည်တော့င်မကြည့်ကြဘူး။ အဲဒီမြင်ကွင်းကို ကျနော် လန့်သွားတယ်။ အဲဒီအိမ်ယာမဲ့သာ အဆိုတော်ဘေးကို ရောက်သွားရင် ဘယ်လိုဖြစ်သွားမလဲ။ ပရိသတ်ရှေ့ရောက်သွားရင် ဘယ်လိုဖြစ်မလဲဆိုပြီး အတွေးရခဲ့တာပါ” လို့ ပြောပါတယ်။
အခုအခါမှာတော့ အဖွဲ့ဝင် အတော်များများဟာ အိမ်ယာမဲ့တွေ မဟုတ်ကြတော့ပါဘူး။
အဲဒီထဲမှာ အသက် ၆၉ နှစ်အရွယ် မာဆာယိုရှီ ကိုအီဆို ပါဝင်ပြီး သူဟာ တိုကျိုမြို့ လမ်းတွေပေါ်မှာ အိမ်ယာမဲ့အဖြစ် ၉ နှစ်လောက် နေထိုင်ခဲ့ဖူးပေမယ့် အခုတော့ သဘင်သည်လုပ်နေတာ ၆ နှစ်လောက် ရှိပါပြီ။
မာဆာယိုရှီ ကိုအီဆိုက “ကျနော် ထွက်ပြေးလို့ရတဲ့ တခုတည်းသောနေရာက သေမင်းဆီကိုပဲ။ ဒါကလည်း သေပြီးမှ ရောက်မှာလေ။ မသေခင်အချိန်အထိ ကျေနာ့်ခန္ဓာကိုယ်ကို အကျိုးရှိရှိ အသုံးချချင်တယ်။ အဲဒါဆိုရင် ကျေနာ့်ဘဝဟာ ပြန်ခြင်းကောင်းသောဘဝ ဖြစ်လိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
မနှစ်ကလည်း အဖွဲ့ဝင် ၃ ဦးဟာ ဘရာဇီး အိုလံပစ်ပွဲ မတိုင်မီ ရီယိုဒီဂျနေးရိုးမြို့ကို သွားပြီး အဲဒီက အိမ်ယာမဲ့တွေနဲ့အတူ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။