Homeမြန်မာသတင်း
လင်မယား စကားများရာမှ ဇနီးသည်က ခင်ပွန်းဖြစ်သူကို ဓားဖြင့်ထိုးမှု မင်းကင်းတွင် ဖြစ်ပွား
လင်မယား စကားများရာမှ ဇနီးသည်က ခင်ပွန်းဖြစ်သူကို ဓားဖြင့်ထိုးမှု မင်းကင်းတွင် ဖြစ်ပွား
DVB
·
September 12, 2017
စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီလောက်က မင်းကင်းမြို့နယ် မြေစေးတောင်ကျေးရွာမှာ လင်မယားစကားများရာကနေ ဇနီးသည်က ခင်ပွန်းဖြစ်သူကို ဓားနဲ့ ထိုးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခင်ပွန်းဖြစ်သူက အရက်သေစာ သောက်စားမူးယစ်ကာ ဇနီးဖြစ်သူကို အခြား ယောက်ျားတဦးနဲ့ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ ထင်မြင်ပြီး ရန်စကားပြောဆိုရာကနေ ဇနီးဖြစ်သူက ဒေါသဖြစ်ပြီး နေအိမ်မီးဖိုချောင်သုံး ဓားမြှောင်နဲ့ ထိုးခဲ့တာပါ။
ဓားနဲ့ထိုးခံသူဟာ ဦးညွှန့်ရွှေဖြစ်ပြီး ဝမ်းဗိုက်ထိုးသွင်းပြတ်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး မင်းကင်းဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ပေမယ့် ၁၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပထမ မသေခင်က ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ခဲ့ပေမယ် သေဆုံးသွားတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ မင်းကင်းမြို့နယ် ရဲစခန်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဓားနဲ့ဝင်ရောက်ထိုးခဲ့မှုမှာ သုံးခဲ့တဲ့ဓားဟာ အသွား ၆ လက်မကျော်ရှိ ဓားဦးချွန်ဓားမြှောင် ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကြူကို မင်းကင်းမြို့မရဲစခန်းက သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်ပါတယ်။
သတင်း - မင်းရဲစစ်နိုင်