ဖောက်ခွဲရေးသမားများဝင်လာနိုင်သဖြင့်ရှာဖွေရန် ပြည်နယ်နှင့်တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြား
ပိုင်စိုး
·
September 12, 2017
ပြည်ပကအကြမ်းဖက် ဖောက်ခွဲရေးသမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ရှာဖွေစိစစ်မှုတွေလုပ်ဆောင်ဖို့ ပြည်နယ်နဲ့တိုင်း ရဲတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး သက်ခိုင်က “အဲဒီဟာက ကျနော်တို့ ပြည်နယ်နဲ့တိုင်းရဲတပ်ဖွဲ့အသီးသီးကို လုံခြုံရေးဆောင်ရွက်ဖို့၊ ရှာဖွေတာ စိစစ်တာတွေလုပ်ဖို့ ညွှန်ကြားထားပြီးသားပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ပါကစ္စတန်နိုင်ငံသား တပ်ကြပ်ကြီးတယောက် ရန်ကုန်လေဆိပ်ကနေ စက်တင်ဘာ ၉၊ ၁၀၊ ၁၁ ရက်တွေမှာ ဝင်ရောက်လာမယ်လို့ သတင်းရထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော် သမ္မတရုံးကို သတင်းပေးပို့ထားပါတယ်။
ဒါပေမယ့် စက်တင်ဘာ ၁၂ ရက်အထိ မတွေ့ရှိဘူးလို့ လည်း ရဲမှူးကြီး သက်ခိုင်က “ရှာတာဖွေတာ စိစစ်တာတွေတော့ လုပ်နေတာပေါ့နော်။ ဒီလူပါဆိုပြီး ဖမ်းမိတာတော့ မရှိသေးဘူးပေါ့နော်”လိုပြောပါတယ်။
ဖောက်ခွဲရေးသမားဝင်ရောက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ပြည်ထဲရေးဝန်ကြီးဌာနက သမ္မတရုံးကို လျှို့ဝှက်အဆင့်နဲ့ ပေးပို့တဲ့စာဖြစ်ပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာပါ။