Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်ဂိတ်တွင် စိတ်ကြွဆေးပြား ၁၀ သိန်းနီးပါး ဖမ်းဆီးရမိ
နန်းမြနဒီ
·
September 12, 2017
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးတိုးဂိတ်မှာ မနေ့က  ယာဉ်တစီးပေါ်ကနေ  စိတ်ကြွဆေးပြားအလုံးရေ ၁၀ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မူဆယ်မြို့နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ မူဆယ် မူးယစ်တပ်ဖွဲ့စု ၂၂ က တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ ကြိုတင် သတင်းရထားချက်အရ ဖြတ်သန်းသွားလာတဲ့ယာဉ်တွေကို နမ့်ဖတ်ကာ လမ်းမကြီးပေါ်ကနေ စောင့်ကြပ်စစ်ဆေးရာမှာ စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီခွဲအချိန် မီးသွေးအိတ်တွေ တင်ဆောင်လာတဲ့ ကားတစီးပေါ်ကနေ အဆိုပါ စိတ်ကြွဆေးပြားပေါင်း ၉၉၃၉၆၀ ပြားကို ဖမ်းမိခဲ့တာလို့ တာဝန်ကျ ရဲတပ်ကြပ်ကြီး ဟုန်ယောမနားက ဒီဗွီဘီကို ပြောပါတယ်။ “မူးယစ်ဆေးဝါးသတင်းအရ စောင့်ဖမ်းတာပါခင်ဗျ။ မနက် ၉ ခွဲလောက်မှာ နမ့်အွန်ကျေးရွာ ဘက်ကနေ မူဆယ်ဘက်ကိုသွားမယ့်  အနီရောင်တိုယိုတာဟိုင်းလပ် ၂ ခန်းတွဲကားပေါ်မှာ ကားနောက်ခန်းကနေ တင်လာတဲ့ မီးသွေးအိတ်တွေ စစ်ဆေးတယ်။  အဲဒီ မီးသွေးအိတ် အောက်မှာ မြွေရေခွံအိတ် ရှိတယ်။ အထဲမှာ စပါးခွံတွေ ဖွဲကြမ်းတွေနဲ့ဖုံးထားတဲ့  ဒဗလျူဝိုင် စာတန်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းမိပါတယ်ခင်ဗျ။ ပမာဏကတော့ စုစုပေါင်း ၉ သိန်း ၉ သောင်းကျော်ရှိတယ်။” စိတ်ကြွဆေးပြား ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ယာဉ်မောင်းနဲ့ အဖော်ဖြစ်သူ မုံးဝမ်းတရုတ်လူမျိုး ရန်ဝေဖန်း (၃၀-နှစ်)နဲ့ ဟွမ်အားကွေး  (၅၈-နှစ်)တို့ ၂ ဦးကို မူဆယ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉ (က) ၂၁ အရ အမှုဖွင့်အရေးယူထားပါတယ်။ အလားတူ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း  သိန်းနီမြို့အဝင် အိုရီတယ်တိုးဂိတ်အနီးမှာ  တွမ်စောကျီ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ပေါ်ကနေ ဘိန်းဖြူ ၁ ဒသမ ၈၇၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၃၀၀ ပြား၊ ဘိန်းဆီခဲ ၄ ဒသမ၅ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ဖမ်းမိခဲ့သလို ကွတ်ခိုင်မြို့၊အမှတ်(၅) ရပ်ကွက်၊ နယ်မြေ(၂)၊ အမှတ်(င/၁၇၁)ရှိ လှဒွဲ(ခ)ရန်အိန်းမင်ရဲ့ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၅၀ ပြား သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ အဆိုပါ ၁၀၅ မိုင်ဂိတ်အနီး မူးယစ်ဆေးဝါး မကြာခဏ ဖမ်းဆီးရမိခဲ့ပြီး ဒီစက်တင်ဘာလထဲမှာတင် ၉ ကြိမ် ဖမ်းဆီးရမိခဲ့ကာ ဒီတကြိမ်ကတော့ ပမာဏအများဆုံး ဖြစ်ပါတယ်။ ဓာတ်ပုံ-ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024