ARSA အကြမ်းဖက်သမား ၆ ဦးကို ၀ိုင်းဝန်းဖမ်းဆီးအပ်နှံ
DVB
·
September 12, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်တန်းကျေးရွာမှာ ARSA အစွန်းရောက် အကြမ်းဖက်သမား ၆ ဦးကို ဒေသခံဘင်္ဂလီတွေက ၀ိုင်းဝန်းဖမ်းဆီးရမိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေထံ အပ်နှံခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်သမား ၆ ဦးက ဓား၊ လေးခွတွေကိုင်ဆောင် ကျေးရွာအတွင်း ၀င်ရောက်လာပြီး ကညင်တန်းကျေးရွာနေ နူရ်ဟာဆောင်ရဲ့ သားဖြစ်သူ အာလီခါန်အသက် ၂၄ နှစ်ကို ဖမ်းဆီးခေါ်ဆောင်တဲ့အတွက် ကျေးရွာနေ ဘင်္ဂါလီအချင်းချင်းက လက်မခံဘဲ ၀ိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါဖမ်းဆီးရမိသူ ၆ ဦးမှာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက်၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ်၊ ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါ ယာဒ်အူလ္လာ၊ နီလင်းဘော်ကျေးရွာနေ ဘော်ရှီးအူလ္လာနဲ့ နီလင်းဘော်ကျေးရွာနေ အတာဟူရာမန်တို့ဖြစ်ပြီး ၎င်းတို့ကို ဓား ၄ ချောင်း၊ လေးခွ ၁ လက်နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေကို နယ်မြေရှင်းရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ လွှဲပြောင်း အပ်နှံထားပါတယ်။