Home
မြန်မာသတင်း
မိတ္ထီလာမြို့ ရွှေစည်းခုံဘုရား အလှူခံပုံးထဲမှ အလှူငွေခိုးယူသည့် လူငယ် ၁ ဦး ဖမ်းမိ
DVB
·
September 12, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပွဲစားတန်းနယ်မြေ ဈေးအရှေ့ပြင်ရပ် စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီခန့်က ဓမ္မသုခရွှေစည်းခုံဘုရားရှိ ရွှေသင်္ကန်းကပ်လှူရန်လို့ ရေးထားတဲ့ အလှူခံပုံးထဲက အလှူငွေ ခိုးယူတဲ့ လူငယ် ၁ ဦးကို ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ရွှေစည်းခုံဘုရားပေါ်မှာ ဂေါပကအဖွဲ့နဲ့ လုံခြုံရေးတွေ ရှိ၊ မရှိ ကြည့်ဖို့ ဂေါပကအဖွဲ့ဝင်ဖြစ်သူ ဦးအောင်ဝင်း လာရောက်ခဲ့တယ်။ လုံခြုံရေးအဖွဲ့ဝင် ဦးညွန့်တင် ဘုရားမှာ ရှိနေတာ တွေ့ရပါတယ်။ ၄င်းတို့နှစ်ဦး ဘုရားကို လှည့်ပတ်ကြည့်ရှုရာ ဘုရားရဲ့ တောင်ဘက်မုခ်ပေါက် အရောက်မှာ ရွှေသင်္ကန်းကပ်လှူရန်ဟု ရေးထားတဲ့ အလှူခံပုံးကို သော့ဖွင့်ပြီး အလှူငွေ ၄၇၀၀ ကျပ်ကို ယူထားတဲ့ အောင်ထက်မြတ်ကို တွေ့ရှိဖမ်းဆီးမိတယ်။ ရဲစခန်းကို အကြောင်းကြားပြီး ဦးအောင်ဝင်းကပဲ တရားလိုလုပ် အမှုဖွင့်တယ်လို့ မိတ္ထီလာအမှတ် (၂) ရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်လှမျိုးသူက “အသက် ၂၁ နှစ်ရှိတဲ့ အောင်ထက်မြတ်က မိဘတွေကို စိတ်ဆိုးပြီး အိမ်က ထွက်လာသူပါ။ ရန်ကုန် လှိုင်သာယာမြို့နယ်၊ ကံလှရပ်ကွက်၊ ရွှေအေးကျောင်းလမ်းမှာ နေတယ်လို့ သိရတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက မိတ္ထီလာမြို့ ရောက်နေတယ်။ လမ်းဘေးမှာပဲ နေတယ်ဆိုတာလည်း သိရတယ်” လို့ ပြောပါတယ်။ မိတ္ထီလာ အမှတ် (၂) ရဲစခန်းက အောင်ထက်မြတ်ကို အလှူခံပုံးထဲမှငွေကို ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုအမှတ် (ပ)၂၃၈/၂၀၁၇ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024