အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် လူနည်းစု တိုင်းရင်းသားများကို နိုင်ငံတကာက လျစ်လျူရှုနေ

3.4K
အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က လူနည်းစုတိုင်းရင်းသားတွေရဲ့ ဒုက္ခကို နိုင်ငံတကာက မသိကျိုးကျွန်ပြုခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပြီး အကျိုးဆက်အနေနဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ မြို၊ ဒိုင်းနက်နဲ့ ကမန်တို့ အပါအဝင် လူမှုအသိုင်းအဝန်းအားလုံးမှ ပြည်သူတွေလည်း နေရပ်ကို စွန့်ခွာတိမ်းရှောင်ခဲ့ရပေမယ့် လူနည်းစု တိုင်းရင်းသားတွေရဲ ဒုက္ခကံကြမ္မာတွေကိုတော့ နိုင်ငံတကာက မသိကျိုးကျွန်ပြုခဲ့ကြတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သြဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေအပြီးမှာ သိန်းနဲ့ချီတဲ့ မွတ်စလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတယ်ဆိုတဲ့ သတင်းတွေကို နိုင်ငံတကာ မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြကာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေ လုပ်နေတယ်ဆိုပြီး မြန်မာအစိုးရကို အပြင်းအထန် စွပ်စွဲဝေဖန်နေကြတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ သောင်းနဲ့ချီတဲ့ လူနည်းစု ဒေသခံတိုင်းရင်းသားတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးလာရပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ကတော့ လူမှုအသိုက်အဝန်းအားလုံးမှ အရပ်သားတွေရဲ့ ဒုက္ခခံစားမှုနဲ့ နေရပ်ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ရမှုတွေအပေါ် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်မှု အပြည့်အဝရှိတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်ကြရတဲ့ လူမှုအသိုင်းအဝန်းတွေ အားလုံးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဘက်လိုက်ခွဲခြားမှု မရှိစေဘဲ ပေးအပ်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ အပြစ်မဲ့ပြည်သူတွေ မထိခိုက်စေရေး ပန်ကြားထားသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိရင်လည်း အရေးယူမယ်လို့လည်း ပါတယ်။
သြဂုတ် ၂၅ ရက်နေ့မှာ အကြမ်းဖက်သမားတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးကင်းစခန်းပေါင်း ၃ဝ ကို စနစ်တကျ ကြိုတင်ကြံစည် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုဟာ ပြည်ပမှ ငွေကြေးထောက်ပံ့ပေးထားတဲ့ ARSA အဖွဲ့က ကျူးလွန်ခဲ့တာ ဖြစ်ကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို မည်သည့်အကြောင်းပြချက်နဲ့မျှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။