မုန်တိုင်းကြမ်းကြား ခက်ခက်ခဲခဲ ကလေးမွေးဖွားခဲ့သည့် အာဂအမျိုးသမီး

ဓာတ်ပုံ - Miami-Dade Police
အမေရိကန်နိုင်ငံ ဖလော်ရီဒါကမ်းခြေကို စက်တင်ဘာ ၁၀ ရက်နေ့က အင်အားပြင်း ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ချိန်မှာ အမျိုးသမီးတဦးဟာ ဘာအကူအညီမှမပါဘဲ ခက်ခက်ခဲခဲ ကလေးမွေးဖွားခဲ့ရပါတယ်။ ပြင်းအားအဆင့် ၅ ရှိတဲ့ အာမာမုန်တိုင်းကြောင့် မိုးသက်လေပြင်းတွေ တိုက်ခတ်နေခဲ့တာဖြစ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဘယ်လိုမှ သူ့ဆီကို မသွားနိုင်ခဲ့ကြတာမို့ ခုလို မွေးဖွားခဲ့ရတာပါ။ သူဟာ အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကို မနက် ၃း၂၃ နာရီမှာ ခေါ်ခဲ့ပြီး အကူအညီ တောင်းခံခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ သူ့ဆီမရောက်နိုင်ခဲ့တဲ့အတွက် သူ့ဟာသူ ကလေးမွေးဖွားခဲ့ကြောင်း ၅း၃၀ နာရီလောက်မှာ ဖုန်းပြန်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးဟာ သမီးမိန်းကလေးတဦးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့ပြီး နောက်မှာမှ ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ မီးသတ်ကယ်ဆယ်ရေးဌာန အကြီးအကဲ အယ်လ်လွိုင် ဂါစီယာက “ကျနော်တို့အနေနဲ့  သူ့ကို ဘယ်လိုမှ အကြောင်းမပြန်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ဟာသူ အချင်းကြိုးဖြတ် မွေးဖွားခဲ့ရတာပါ။ လက်ရှိမှာတော့ အိမ်မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပါပြီ” လို့ ပြောပါတယ်။ မုန်တိုင်းအရှိန်ကြောင့် တပြည်နယ်လုံးမှာရှိတဲ့ အိမ်ခြေ ၂ ဒသမ ၅ သန်းလောက် လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပြီး မီယာမီမြို့က လမ်းမတွေပေါ်မှာ ရေကြီးရေလျံမှု ဖြစ်ပွားခဲ့ပါတယ်။ အတ္တလန္တိတ် သမုဒ္ဒရာတွင်းမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံး မုန်တိုင်းစာရင်းဝင်တဲ့ ပြင်းအားအဆင့် ၅ ရှိ ဒီမုန်တိုင်းကြောင့် အမေရိကန်မှာ တတိယ လူနေအထူထပ်ဆုံးဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်မှာ အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီပြီး ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up