ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်
ပိုင်စိုး
·
September 10, 2017
ပြည်သူ့လွှတ်တော်မှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးတီခွန်မြတ် ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်တာ မှန်ကန်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
“ထွက်သွားတာကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် ထွက်ခွင့်မှာကတော့ အကြောင်းအရာ ဖော်ပြထားတာ မရှိဘူးပေါ့လေ။ ၈ လပိုင်း ၁၈ ရက်၊ ရက်စွဲနဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ဥက္ကဋ္ဌကို တင်ပြတာပေါ့။ အဲဒီအပေါ်မှာ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ သူ့ကို နုတ်ထွက်ခွင့်ပြုလိုက်တာပါ” လို့ ပြောပါတယ်။
ဦးတီခွန်မြတ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ ဒု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ပထမအကြိမ်ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီမှာ ဦးတီခွန်မြတ်ဟာ ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ကော်မတီအတွင်းရေးမှူးဖြစ်တဲ့ ဦးစောလှထွန်းကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကြံ့ခိုင်ရေး ပါတီဝင်အဖြစ်က ရပ်စဲခံခဲ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်တွေ လျော့လာနေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ မဟုတ်မှန်ကြောင်းနဲ့ ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ရွေးချယ်ခဲ့တဲ့ အလုပ်အမှုဆောင်တချို့ ကျန်းမာရေးကိစ္စကြောင့် အနားယူတာပဲ ရှိတယ်လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။