အကျဉ်းသားအိပ်ဆောင်ထဲမှ စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်များ ဖမ်းမိ
DVB
·
September 10, 2017
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်အကျဉ်းဦးစီး ကျောက်ထုတ်စခန်းတွင် စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အကျဉ်းသားများထားရှိရာ အကျဉ်းသားအိပ်ဆောင်ထဲမှ စိတ်ကြွဆေးပြားတွေနဲ့ ဆေးခြောက်တွေ တွေ့ရှိဖမ်းမိခဲ့ပါတယ်။
အကျဉ်းစခန်းမှ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၉ ရက်နေ့က အကျဉ်းသား အိမ်ဆောင်တွေကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာက ဖမ်းမိတာလို့ ဇင်းကျိုက်ကုတ်ထုတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးက ပြောပါတယ်။
"ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအရ အကျဥ်းသားအိပ်ဆောင်တွေကို စစ်ဆေးတဲ့အခါမှာ အခုမိတဲ့သူတွေရဲ့ အိပ်ယာအောက် ကြမ်းခင်းအောက်မှာ တွေ့တာပါ။ ဒီဆေးပြားတွေ ဆေးခြောက်တွေ ဝင်လာနိုင်တဲ့အနေထားက အမျိုးမျိုးရှိပါတယ်။ အခုလည်း သူတို့ ၂ ဦးကို ရဲစခန်းကို အပ်ထားပြီးပါပြီ။ ရဲက ဆက်လက်စစ်ဆေးဖော်ထုတ်သွားမှာပါ''လို့ ပြောပါတယ်။
လူသတ်မှုနဲ့ ထောင် ၁၀ နှစ်ကျနေတဲ့ ကျော်ကျော် (ခ)ကျော်ကြီး ရဲ့ အိပ်ယာအောက်ကြမ်းခင်းအံဝှက်ထဲမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၆ ပြား၊ အစိမ်း(၂) ပြား၊ မုဒိမ်းမှုနဲ့ ထောင် ၁၀ နှစ်ကျခံနေရတဲ့ ဖိုးထောင် (ခ)စောကလိုထူးရဲ့ အိပ်ယာအောက်ကြမ်းခင်းအံဝှက်ထဲမှ ဆေးခြောက် ၃၀ ဂရမ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းမှ ကျော်ကျော် နဲ့ ဖိုးထောင်တို့ကို မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉ က/၂၁ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး