နေရပ်စွန့်ခွာတိမ်းရှောင်လာသူများ စီးလာသည့်ယာဉ်တိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
September 10, 2017
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ကျေးရွာများက နေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ၉၉ ဦး လိုက်ပါလာတဲ့ မော်တော်ယာဉ်တစ်စီး စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ တိမ်းမှောက်ခဲ့တဲ့အတွက် ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ခမောင်းဆိပ်၊ တမန်းသား၊ ကြိမ်ချောင်း စတဲ့ ကျေးရွာတွေက ဟိန္ဒူဘာသာဝင်တွေဟာ ဘူးသီးတောင်မြို့မှာ ခိုလှုံနိုင်ဖို့ လာရောက်တုန်း မောင်တော-ဘူးသီးတောင်လမ်း လှိုဏ်ဂူကြီး ရှောင်ကွင်းလမ်းအဆင်းမှာ ဘီးချော်ကျပြီး တိမ်းမှောက်ခဲ့ပါတယ်။
”မောင်တောမှာ အကြမ်းဖက်ခံရမှာ ကြောက်လို့ ထွက်ပြေးလာကြတာပါ။ ဒဏ်ရာရသူတွေကို ဆေးရုံမှာထားခဲ့ပြီး ကျန်တဲ့သူတွေကို ကျနော်တို့ ရပ်ကွက်ထဲမှာပဲ ယာယီ ခိုလှုံဖို့ ကူညီလိုက်ပါတယ်” လို့ ဟိန္ဒူလူမှုကူညီရေးအဖွဲ့က ကိုနီလားလ်က ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၇ ယောက်နဲ့ ကလေး ၃ ယောက် ထိခိုက်ဒဏ်ရာရတဲ့အတွက် ဘူးသီးတောင် မြို့နယ်ဆေးရုံကို ပို့ဆောင်ကုသပေးထားရပါတယ်။
ယာဉ်မောင်းဖြစ်သူ ဦးကျော်စိန်အောင်ကိုတော့ ယာဉ်ကို မဆင်မခြင် မောင်းနှင်တဲ့အတွက် တောင်ဘဇာနယ်မြေစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် ကျေးရွာတွေက ဒေသခံတွေ နေရပ်ကို စွန့်ခွာလာနေကြဆဲပါ။
စက်တင်ဘာလ ၈ ရက်နေ့ထိ နေရပ်စွန့်ခွာလာသူ နှစ်သောင်းခြောက်ထောင်ကျော်ရှိနေပြီး အဲဒီထဲက ဘူးသီးတောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူ ရှစ်ထောင်လောက် ရှိနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။