မသေခင် ခန္ဓာကိုယ်လှူဒါန်းပြီး လူ ၈ ဦးအသက်ကို ကယ်တင်နိုင်ခဲ့သည့် ၁၃ နှစ်သမီး

ဗြိတိန်နိုင်ငံမှာ ၁၃ နှစ်အရွယ် ဂျယ်မီမာ လေဇဲလ်ဟာ မသေခင်မှာ သူ့ရဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းခဲ့ပြီး လက်ရှိမှာတော့ ဒီအစိတ်အပိုင်းတွေနဲ့ လူ ၈ ဦးရဲ့ အသက်ကို စံချိန်တင်ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂျယ်မီမာ လေဇဲလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဦးနှောက်သွေးလွန်ရောဂါတမျိုးနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ သူလှူဒါန်းထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကလေးငယ် ၅ ဦးနဲ့ အရွယ်ရောက်ပြီးသူ ၃ ဦးကို အစားထိုးကုသပေးနိုင်ခဲ့တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ စက်တင်ဘာလ ၈ ရက်နေ့က ဖော်ပြပါတယ်။ ဂျယ်မီမာ လေဇဲလ်ဟာ မသေဆုံးခင်မှာ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းချင်တယ်လို့ မိဘတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ တောင်တန်ကျောင်းမှ ကျောင်းသူလေးတဦးဖြစ်တဲ့ ဂျယ်မီမာ လေဇဲလ်ဟာ ဘရစ္စ တော်လ်ရွိုင်ရယ်ဆေးရုံမှာ တက်ရောက်ကုသခံပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ ဆိုဖီလေဇဲလ်က “လူတိုင်း ကိုယ့်သားသမီးကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်ကြတာပါပဲ။ သမီး ဂျယ်မီမာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လူ ၈ ယောက် ရဲ့ အသက်ကို ကယ်တင်ခွင့်ရလိမ့်မယ်ဆိုတာ တကယ့်ကို မျှော်လင့်မထားမိပါဘူး”လို့ ပြောပါတယ်။ ဂျယ်မီမာ လေဇဲလ်ဟာ ဒီလိုခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းတယ်ဆိုတဲ့ အကြောင်းအရာနဲ့ မရင်းနှီးခဲ့ပေမယ့် ဒါဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုတော့ သိခဲ့တယ်လို့ ဆိုပါတယ်။ “ဒီအကြောင်းအရာ စတင်ခဲ့တာက ကျမတို့သိတဲ့ တယောက်၊ ကားမတော်တဆမှုနဲ့ သေဆုံးသွားခဲ့ရာက စခဲ့တာရှင့်”လို့ မိခင်ဖြစ်သူက ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ  ပြီးခဲ့တဲ့ နှစ်အတွင်း လူပေါင်း ၄၅၀ လောက်ဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးဖို့ အလှူရှင်စောင့်နေရင်းက သေဆုံးသွားခဲ့ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း လူပေါင်း ၆၄၁၄ ဦးလောက်ဟာ ခန္ဓာကိုယ်အစားထိုးကုသမှုတွေ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေကြတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up