ဇနီးသည် အားလပ်ရက် ခရီးထွက်တာရပ်လျှင် အရက်မသောက်တော့ဟု ရွန်နီ ပြော

ဓာတ်ပုံ - PA Images
အင်္ဂလန်ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ရွန်နီက ဇနီးသည် ကောလင်းအနေနဲ့ အဆမတန် ငွေကုန်ကြေးကျများတဲ့ အားလပ်ရက် ခရီးရှည်ထွက်တာတွေကို ရပ်ရင် သူလည်း အရက်မသောက်တော့ဘူးလို့ ပြောကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြထားပါတယ်။ ကောလင်းဟာ ဒီနှစ်ထဲမှာ အားလပ်ရက်ခရီး ၁၀ ခု ထွက်ခဲ့လို့ ရွန်နီက သူမ ဟာ အိမ်ကနေထွက်ပြီး အဝေးမှာ အချိန်ပေးလွန်းတယ်လို့ စွပ်စွဲပြောဆိုခဲ့တာပါ။ ရွန်နီဟာ အမျိုးသမီးတဦးနဲ့အတူ အရက်မူးပြီး ကားမောင်းခဲ့လို့ ဖမ်းဆီးတရားစွဲခံရပြီးနောက် သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ပြန်အဖတ်ဆယ်ဖို့ အခုလို ကတိကဝတ်တွေ ပြုခဲ့တာလို့ ဆိုပါတယ်။ အသက် ၃၁ နှစ်အရွယ် ဘောလုံးအကျော်အမော် ရွန်နီက ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူနဲ့ သား ၃ ဦး အားလပ်ရက်ခရီး ထွက်နေစဉ် ကလေးတယောက်မိခင် မစ္စလော်ရာဆင်ပ်ဆင်နဲ့အတူ ၁၀ နာရီကြာ တွေ့ဆုံသောက်စားကြပြီး မူးယစ်ကားမောင်းခဲ့လို့ ဖမ်းဆီးတရားစွဲခံရတာလို့လည်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် မစ္စဆင်ပ်ဆင်ကလည်း အကယ်၍ သူတို့ကို ရဲတွေက မဖမ်းခဲ့ရင် ရွန်နီနဲ့အတူ ညအိပ်ပြီးလောက်ပြီလို့ ပြောပါတယ်။ ကောလင်းဟာ စပိန်ကနေ ကလေး ၃ ဦးနဲ့အတူ လေယာဉ်နဲ့ပြန်လာပြီး သူမ ကိုယ်ဝန်ရှိနေချိန် ရွန်နီရဲ့ အပြုအမူအတွက် အော်ဟစ်ပြောဆို အပြစ်တင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ မစ္စဆင်ပ်ဆင်နဲ့ ရွန်နီ ပွေ့ဖက်အနမ်းပေးပြီး မူးယစ်ကားမောင်းလို့ အဖမ်းခံရပြီးကတည်းက ကောလင်းကို လူကြားထဲ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြန်မြင်ရတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ လာမယ့်နှစ်မှာ ကလေးတဦး ထပ်ယူမယ်လို့ ရည်ရွယ်ထားတဲ့ ကောလင်းဟာ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းက ချက်စ်ရှီးယားကောင်တီမှာ ဈေးဝယ်ထွက်စဉ် ခေါင်းစွပ်အနွေးထည်၊ ဘောင်းဘီအကျပ်၊ နိုက်တံဆိပ်ဖိနပ်တွေ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ရွန်နီက လော်ရာဆင်ပ်ဆင်နဲ့ အခန်းတခုထဲမှာ သောက်စားတာကို သိရပြီးနောက် ကောလင်းဟာ သူမမိဘတွေဆီ ပြောင်းရွှေ့နေခဲ့တာပါ။ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေက ပျက်စီးမယ့်အခြေအနေမှာ ရှိနေတယ်လို့ မိတ်ဆွေတွေက အခိုင်အမာ ပြောဆိုနေကြပေမယ့် ရွန်နီက မင်္ဂလာလက်စွပ်ကို မချွတ်ဘဲ ဆက်ဝတ်ထားတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ကောလင်းကတော့ သူမရဲ့ မင်္ဂလာလက်စွပ်ကို ဆက်ဝတ်ထားသလား၊ မဝတ်ထားဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up